သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုလက်နက်ထိန်းချုပ်ရေး အဖွဲ့ (OPCW) နိုဘယ်လ် ငြိမ်းချမ်းရေးဆုရရှိ


ဓာတုလက်နက်တားဆီးရေးနိုင်ငံတကာအဖွဲ့ (OPCW) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးချုပ် Ahmet Uzumcu က နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိမှုအပေါ် နယ်သာလန်နိုင်ငံ၊ The Hague မြို့သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပေးပြောကြားစဉ်။ (အောက်တိုဘာ ၁၁၊ ၂၀၁၃)။
ဓာတုလက်နက်တားဆီးရေးနိုင်ငံတကာအဖွဲ့ (OPCW) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးချုပ် Ahmet Uzumcu က နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိမှုအပေါ် နယ်သာလန်နိုင်ငံ၊ The Hague မြို့သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပေးပြောကြားစဉ်။ (အောက်တိုဘာ ၁၁၊ ၂၀၁၃)။
ဒီနှစ် ၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ဓာတုလက်နက် တားဆီးရေး နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ (OPCW) ကို ချီးမြှင့်လိုက်ပါတယ်။

လတ်တလော ဆီးရီးယားနိုင်ငံက ဓာတုလက်နက်တွေကို ဖျက်ဆီးရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ OPCW အဖွဲ့ရဲ့ ဓာတုလက်နက်တွေ ဖျက်သိမ်းရေး ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ချီးမြှင့်တာဖြစ်တဲ့ အကြောင်းလည်း နော်ဝေနိုင်ငံ အော်စလိုမြို့မှာရှိတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးကော်မတီက ကြေညာခဲ့တာပါ။ နယ်သာလန်နိုင်ငံ the Hague မြို့မှာ အခြေစိုက်ထားတဲ့ OPCW အဖွဲ့ကိုတော့ ကမ္ဘာတဝှန်း ဓာတုလက်နက်အသုံးပြုမှုတွေကို ဟန့်တားနိုင်ဖို့ ၁၉၉၇ ခုနှစ်ကတည်းက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ဥပဒေတွေအရ ဓာတုလက်နက် အသုံးပြုမှုတွေဟာ စက်ဆုပ်စရာ လုပ်ရပ်အဖြစ် OPCW အဖွဲ့ရဲ့ဆောင်ရွက်ချက်တွေက တိတိကျကျ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ခဲ့တယ်လို့လည်း နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီရဲ့သောကြာနေ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ မကြာသေးခင်တုန်းကပဲ ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်တွေနဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မျိုးတွေကြောင့် တားမြစ်ထားတဲ့ လက်နက်တွေကို အသုံးမပြုအောင် ကြိုးပမ်းနေကြတဲ့လုပ်ရပ်တွေကို အားပေးဖို့ လိုတယ်လို့လည်း ပြောဆိုခဲ့တာပါ။

အဖွဲ့ဝင်တိုင်းပြည်တွေက ပံ့ပိုးထားတဲ့ ဘဏ္ဍာငွေ သန်း ၁၀၀ လောက်နဲ့ လည်ပတ်နေတဲ့ OPCW အဖွဲ့ဟာ ဝန်ထမ်း ၅၀၀ လောက်ရှိပြီး နိုင်ငံပေါင်း ၈၆ နိုင်ငံမှာ စုံစမ်းစစ်ဆေးမှုပေါင်း ၅,၀၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကိုတော့ ပါကစ္စတန်နိုင်ငံက အမျိုးသမီးတွေ ပညာရေး အတွက် လှုပ်ရှားနေသူ Malala Yousafzai ကို ချီးမြှင့်လိမ့်မယ်လို့ မျှော်လင့်နေကြချိန်မှာ OPCW က ရရှိသွားတဲ့အတွက်လည်း အများက အံ့အားသင့်ခဲ့ကြပါတယ်။
XS
SM
MD
LG