သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတုဗေဒပညာရပ် နိုဘဲလ်ဆု ကန်နဲ့ဗြိတိန် ပညာရှင်သုံးဦး ပူးတွဲရရှိ


ဒီနှစ်အတွက် ဓာတုဗေဒပညာရပ်ဆိုင်ရာ နိုဘဲလ်ဆုကိုတော့ မျိုးဗီဇပြောင်းလဲမှုနဲ့ သက်ဆိုင်တဲ့ နည်းလမ်းတွေ၊ ဆေးဝါးနဲ့ ဇီဝလောင်စာ ပစ္စည်းသစ်တွေ ထုတ်လုပ်နိုင်မယ့် ရှာဖွေတွေ့ရှိမှုတွေအတွက် အမေရိကန်ပညာရှင် ၂ ယောက်နဲ့ ဗြိတိသျှပညာရှင် တယောက်တို့ကို ပူးတွဲချီးမြှင့်လိုက်ပါတယ်။

ဒေါ်လာတသန်းတန်ဆုရမယ့် ဆုရှင်တွေရဲ့ အမည်စာရင်းကိုတော့ ဆွီဒင်နိုင်ငံ တော်ဝင်သိပ္ပံပညာ အကယ်ဒမီကျောင်းရဲ့ ဆုရွေးချယ်ရေးအဖွဲ့က ဒီနေ့ပဲ ကြေညာလိုက်တာပါ။ အမေရိကန် ပညာရှင် Frances Arnold ကိုတော့ သဘာဝနည်းနဲ့ ဓာတုဓာတ်တုံ့ပြန်မှုတွေ မြန်ဆန်လာအောင် ပရိုတိန်းတွေ ထုတ်လုပ်ပေးမယ့် အင်ဇိုင်းဓာတ်ဖြစ်ပေါ်မှုကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းကို ရှာတွေ့ခဲ့တဲ့အတွက် ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ပညာရှင်နောက်တဦးဖြစ်တဲ့ George Smith ကိုတော့ ပရိုတိန်းအသစ်တွေ ထုတ်လုပ်နိုင်အောင် ဘက်တီးရီးယားတွေကို ပြောင်းလဲပေးမယ့် ဗိုင်းရပ်စ်အမျိုးအစား ထုတ်လုပ်နိုင်တဲ့အတွက် ဂုဏ်ပြုခဲ့တာပါ။

ဗြိတိသျှသုတေသီ Gregory Winter ကိုတော့ ဆေးဝါးပစ္စည်းထုတ်လုပ်ရာမှာ သုံးနိုင်မယ့် ခန္ဓာကိုယ်တွင်း ပဋိပစ္စည်းတွေ ဖြစ်ပေါ်စေနိုင်တဲ့ နည်းလမ်းကို လေ့လာတွေ့ရှိခဲ့တဲ့အတွက် ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ အဆစ်အမြစ်ရောင်ရောဂါ၊ အရေပြားရောဂါ၊ ခန္ဓာကိုယ်တွင်း ခုခံစွမ်းအားစနစ် မမှန်တဲ့ရောဂါ၊ ကင်ဆာရောဂါပျံ့နှံ့မှု စတဲ့ ရောဂါတွေအတွက် ဆေးဝါးထုတ်လုပ်ရာမှာ သုတေသီ Winter ရဲ့ နည်းဟာ အသုံးကျတယ်လို့လည်း ဆုရွေးချယ်ရေးအဖွဲ့က ကြေညာခဲ့တာပါ။ ၂၀၁၈ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲလ်ဆုကိုတော့ သောကြာနေ့မှာ ကြေညာမှာဖြစ်ပြီး၊ စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘဲလ်ဆုကိုတော့ ရှေ့သီတင်းပတ် တနင်္လာနေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ စာပေဆိုင်ရာ နိုဘဲလ်ဆု ရွေးချယ်ရေးအဖွဲ့မှာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်မှုအတွက် ပြဿနာပေါ်နေတဲ့အတွက် ဒီနှစ်မှာ ဆုပေးနိုင်မှာ မဟုတ်ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG