သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးပညာဆိုင်ရာ နိုဘဲလ်ဆု ပညာရှင်သုံးဦး ချီးမြှင့်ခံရ


ဒီကနေ့ ကြေညာသွားတဲ့ နိုဘဲလ်ဆေးပညာဆုကို အမေရိကန်နိုင်ငံဖွား ဗြိတိန်နိုင်ငံသား John O'Keefe နဲ့ နော်ဝေးနိုင်ငံသား May-Britt Moser နဲ့ Edvard Moser တို့က ရရှိသွားပါတယ်။ ဦးနှောက်ရဲ့ ဘယ်လိုအစိတ်အပိုင်းကနေ ကိုယ်ခန္ဒာအစိတ်အပိုင်းတွေကို ဘယ်လို ထိန်းချုပ်လုပ်ဆောင်သလဲဆိုတဲ့ စနစ်ကို အသေးစိတ် ရှာဖွေ တွေ့ရှိခဲ့ကြလို့ အခုလို ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

ရှုတ်ထွေးတဲ့ အနေအထားမှာ ဦးနှောက်ကနေ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဘယ်လို ညွှန်ကြားသလဲဆိုတာကို သူတို့ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆွီဒင်နိုင်ငံ Karolinska သိပ္ပံမှာရှိတဲ့ နိုဘဲလ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။ Mr. O’Keefe ဟာ ကြွက်ရဲ့ဦးနှောက်မှာ အာရုံကြောဆိုင်ရာ ဆဲလ်တချို့ ဘယ်လို အလုပ်လုပ်သလဲ ဆိုတဲ့စနစ်ကို ၁၉၇၁ ခုနှစ်မှာ တွေ့ရှိခဲ့တာပါ။

ဦးနှောက်ရဲ့အကန့်တခုမှာရှိတဲ့ ဆဲလ်က၊ နောက်အကန့်ထဲက ဆဲလ်ကို ဘယ်လိုစေခိုင်းသလဲဆိုတာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ Mosers ဇနီးမောင်နှံက ကြွက်ဦးနှောက်ရဲ့ ဆဲလ်တခုဟာ ကိုယ်ခန္ဒာ အစိတ်အပိုင်းတွေကို အမိန့်ပေးတဲ့ အနားက ဆဲလ်ကို ဘယ်လို ဆက်သွယ် လုပ်ဆောင်သလဲ ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

ထပ်ဆင့် သုတေသနပြုချက်တွေအရ လူဦးနှောက်မှာလည်း အဲလို အလားတူ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာကို အထောက်အထားနဲ့ သက်သေပြနိုင်ခဲ့ပါတယ်။

ဒီရှာဖွေတွေ့ရှိမှုအရ မှတ်ဉာဏ်၊ တွေးခေါ်ပုံနဲ့ အစီအစဉ် ပြုလုပ်ပုံတွေကို နားလည်နိုင်ဖို့ နည်းလမ်းသစ်တွေ ဖွင့်ပေးလိုက်တယ်လို့ နိုဘဲလ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။ ဆုကြေးက ဒေါ်လာ ၁.၁ သန်းဖြစ်ပြီး၊ မစ္စတာ O'Keefe က တဝက်နဲ့ Mosers ဇနီးမောင်နှံက တဝက် ရရှိမှာပါ။

အင်္ဂါနေ့မှာတော့ ရူပဗေဒပညာရပ်အတွက် နိုဘဲလ်ဆု၊ ဗုဒ္ဓဟူးနေ့မှာ ဓါတုဗေဒပညာရပ်၊ ကြာသပတေးနေ့မှာ စာပေနဲ့ သောကြာနေ့မှာတော့ နိုဘဲလ်ငြိမ်းချမ်းရေးဆု တို့ကို ကြေညာမှာပါ။ နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် တစ် ကြိုရွေးခံရသူတွေထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon လည်း ပါဝင်ပါတယ်။

XS
SM
MD
LG