သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး ကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း


လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး ကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး ကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ လူ့အဖွဲ့အစည်းတရပ်ကို ခွဲခြားပစ်လိုက်တာပဲလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို ထောက်ပြပြီး ပြောသွားပါတယ်။ ကနေဒါနိုင်ငံ ကွေးဗက်မြို့မှာ ပြုလုပ်နေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံကို ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောသွားတာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မေလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပနေတဲ့ ဒီ နိုင်ငံတကာ ညီလာခံကို ကမ္ဘာအဝှမ်းက ပညာရှင်တွေ၊ အမျိုးသမီးရေး လှုပ်ရှားသူတွေ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေ တက်ရောက်နေပြီး ဖွင့်ပွဲ အစနေ့မှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗွီဒီယိုမိန့်ခွန်းကို ပြသခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီလိုဖြစ်ရပ် တခုချင်းဟာ လူ့အဖွဲ့အစည်းကို ခွဲခြားပစ်လိုက်တာပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီမိန့်ခွန်းမှာ ပြောသွားပါတယ်။

“ကျမတို့နိုင်ငံမှာတော့ ငြိမ်းချမ်းစွာ နေထိုင်လိုသူတွေ၊ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ လိုလားတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေပါတယ်။ အထူးသဖြင့်တော့ တိုင်းရင်းသား လူမျိုးစု ဒေသတွေမှာပါ။ တိုင်းရင်းသား လူမျိုးစုတွေကို ခြိမ်းခြောက် အကျပ်ကိုင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ဒါကို စစ်လက်နက်သဖွယ် အသုံးပြုပါတယ်။

“ကျမ ယူဆတာကတော့ အခုလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တခုတိုင်းဟာ ကျမတို့ တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူတွေ၊ လူ့အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လူမျိုးတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြားမှာ ခွဲခြားပစ်လိုက်ပါတယ်။ ဒါကြောင့် ဒါတွေကို လုံး၀ အဆုံးသတ်ပစ်ဖို့ ကျမတို့ လုပ်နိုင်သလောက် လုပ်ကြရပါလိမ့်မယ်။”

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တယ်ဆိုတဲ့ နေရာမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာမျိုး၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ အဆိုးဆုံး ဖြစ်ပေမဲ့ အမျိုးသမီးတွေအပေါ် စိတ်ပိုင်းဆိုင်ရာ ချိုးနှိမ်မှုဟာလည်း အကြမ်းဖက်မှု မြောက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဟာ ကမ္ဘာအဝှမ်းမှာ ဖြစ်နေတာပါ။ ဒီလို အကြမ်းဖက်တဲ့ နေရာမှာ ပုံစံအမျိုးမျိုး ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက်တာမျိုး သက်သက် မဟုတ်ပါဘူး၊ အမျိုးသမီးတွေ စိတ်ဓာတ် ဖိစီးလာအောင် လုပ်တာမျိုး၊ အမျိုးသမီးတွေရဲ့ အသိဉာဏ်ကို ချိုးနှိမ် စော်ကားတာမျိုး၊ အမျိုးသမီးတွေကို ခွဲခြားတတ်တဲ့ လူမှုအသိုင်းအဝိုင်း တခုလုံးရဲ့ အကြမ်းဖက်မှုမျိုးတွေ ရှိပါတယ်။”

အမျိုးသမီးတွေရဲ့ ယုံကြည်ချက် စိတ်ဓာတ်ကို ချိုးနှိမ်တယ်ဆိုတဲ့ နေရာမှာတော့ မြန်မာနိုင်ငံက အမျိုးသမီး နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စကိုပါ ထည့်သွင်း ပြောသွားပါတယ်။ ရာနဲ့ချီတဲ့ ဒီအမျိုးသမီးတွေဟာ မိမိတို့ ယုံကြည်ချက်ကို ဆုပ်ကိုင်မိလို့ အခုလို အကျဉ်းချခံနေကြရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“သူတို့အားလုံးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ယုံကြည်မှုအတိုင်း ဆောင်ရွက်နေကြသူတွေပါ။ ဒီအမျိုးသမီးတွေ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာဖို့ အားလုံး တတ်စွမ်းသမျှ လုပ်ဆောင်ပေးစေချင်ပါတယ်။ ကျမတို့ဟာ မြန်မာပြည်ကြီး ငြိမ်းချမ်းစေချင်ပါတယ်။ ကမ္ဘာကြီးလည်း ငြိမ်းချမ်းစေချင်ပါတယ်။”

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို စဉ်းစားတဲ့ အခါမှာ ကျူးလွန်တဲ့လူရော နစ်နာခံစားရသူ အမျိုးသမီးများပါ တကယ်တော့ သားကောင်တွေ ဖြစ်ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီအတွက်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်နိုင်ဖို့ဆိုရင် အမျိုးသမီးတွေကိုတင် မဟုတ်ဘဲ အမျိုးသားတွေကိုပါ ပညာပေးရေး လုပ်ရမယ်လို့ ပြောပါတယ်။

“အမျိုးသားတွေကို မှန်မှန်ကန်ကန် ပညာပေးမယ်၊ အမျိုးသမီးတွေကိုလည်း မှန်မှန်ကန်ကန် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်လာအောင် အရည်အသွေး မြှင့်တင်ပေးမယ်ဆိုရင် လူ့အဖွဲ့အစည်း တရပ်မှာ တကယ့်ကို လက်တွဲဘက်တွေ ဖြစ်လာပြီး ကမ္ဘာကြီးဟာလည်း မှန်ကန်တဲ့ဘက်ကို ရောက်လာပါလိမ့်မယ်။”

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံကို Nobel Women Initiative အဖွဲ့ကြီးက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ဒါဟာ တတိယအကြိမ်မြောက်လို့ သိရပါတယ်။ အထူးသဖြင့်တော့ စစ်ပွဲတွေ၊ ပဋိပက္ခတွေအတွင်း အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေ အခြေအနေကို အဓိက မီးမောင်းထိုး ဆွေးနွေးကြတဲ့ အစည်းအဝေး ဖြစ်ပါတယ်။

XS
SM
MD
LG