သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် လွှတ်ပေးရေး နိုဘယ်လ်ဆုရှင်တွေ တောင်းဆို


တရုတ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် လွှတ်ပေးရေး နိုဘယ်လ်ဆုရှင်တွေ တောင်းဆို

ကမ္ဘာပေါ်က နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ၁၅ ဦးက ၂၀၁၀ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အကျဉ်းကျနေသူ တရုတ်နိုင်ငံသား လျူရှောင်ဘို (Liu Xiaobo) ကို ပြန်လွှတ်ပေးရေး တရုတ်အစိုးရကို ၀ိုင်းဝန်း ဖိအားပေးကြဖို့ စီးပွားရေး ဖွံ့ဖြိုးပြီး နိုင်ငံ ၂၀ (G-20) အဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။

တရုတ်နိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လျူရှောင်ဘိုကို ပြန်လွှတ်ပေးခြင်းအားဖြင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေနဲ့မတူ ကွဲပြားခြားနားစွာ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အထိမ်းအမှတ်ကို ထင်ထင်ရှားရှား ပြသရာ ရောက်ပါလိမ့်မယ်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ၁၅ ဦးက အောက်တိုဘာလ ၂၅ ရက်နေ့က ရေးသားလိုက်တဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ဒီစာကို ၀ိုင်းဝန်း လက်မှတ်ရေးထိုးခဲ့ကြတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တွေထဲမှာ အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter)၊ တိဘက် ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) နဲ့ တောင်အာဖရိကက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) တို့ ပါဝင်ကြပါတယ်။

၂၀၁၀ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘိုဟာ ၁၉၈၉ ဇွန်လ၊ ဘေဂျင်းမြို့တော်က ဒီမိုကရေစီ လိုလားတဲ့ တိန်အန်မင်ရင်ပြင် ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အထင်ရှားဆုံး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာ ပညာရှင်တွေနဲ့ ပြည်သူလူထုတွေ စုပေါင်း လက်မှတ်ရေးထိုးပြီး တရုတ်ပြည်မှာ ဒီမိုကရေစီ အရေးကို အမြစ်ကနေ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပေးဖို့ တရုတ်အစိုးရကို တောင်းဆိုထားတဲ့ ပဋိညာဉ်စာတမ်း ၀၈ ကို ကမကထ ရေးသားပြုစုခဲ့မှုနဲ့ လျူရှောင်ဘိုဟာ တရုတ်နိုင်ငံမှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရပါတယ်။

G-20 နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံလည်း ပါဝင်ပြီး ရှေ့လ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ G-20 ထိပ်သီးညီလာခံကို ကျင်းပဖို့ ရှိနေပါတယ်။

XS
SM
MD
LG