IVF လို့ အတိုကောက်ခေါ်တဲ့ ခန္ဓာကိုယ်ပြင်ပမှာ သန္ဓေအောင်အောင် လုပ်တဲ့နည်းကို လေ့လာတွေ့ရှိခဲ့သူ ဗြိတိန်က သိပ္ပံပညာရှင် ရောဘတ် အက်ဒ်ဝါ့ဒ်စ် (Robert Edwards) ကို ၂၀၁၀ နိုဘယ်လ် ဆေးသိပ္ပံဆု ပေးအပ်လိုက်ပါတယ်။
သန္ဓေမအောင်နိုင်တဲ့ စုံတွဲပေါင်း သန်းနဲ့ချီကို ကလေးရအောင် လုပ်ပေးခဲ့တဲ့ သိပ္ပံပညာရှင် အက်ဒ်ဝါ့ဒ်စ်ရဲ့ တွေ့ရှိမှုဟာ ခေတ်သစ် ဆေးပညာမှာ မှတ်ကျောက်တင်နိုင်ခဲ့တယ်လို့ ဆွီဒင်က နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက ပြောပါတယ်။
မ မျိုးဥကိုယူပြီး ခန္ဓာကိုယ် အပြင်မှာ သန္ဓေအောင်အောင် လုပ်ပေးပြီးတော့မှ အဲဒီသန္ဓေကို သားအိမ်ထဲ ပြန်ထည့်ပေးတဲ့ တီထွင်မှုကို အခု အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ အက်ဒ်ဝါ့ဒ်စ်က လေ့လာ စမ်းသပ် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
ပြင်ပမှာ သန္ဓေအောင်တဲ့နည်းကို ၁၉၈၈ ခုနှစ်မှာ ကွယ်လွန်သွားသူ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် ပက်ထရစ် စတက်ပ်တိုး (Patrick Steptoe) နဲ့အတူ ၁၉၅၀ ပြည့်လွန်နှစ်တွေ ကတည်းက မစ္စတာ အက်ဒ်ဝါ့ဒ်စ် စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဖန်ပြွန်သန္ဓေသားလို့ ခေါ်ကြတဲ့ ပထမဆုံး ကလေးကို ၁၉၇၈ ခုနှစ်မှာ စတင် မွေးဖွားနိုင်ခဲ့ပြီးချိန်ကတည်းက ပြင်ပမှာ မျိုးအောင်တဲ့ ကလေးပေါင်း ၄,၀၀၀,၀၀၀ လောက်အထိ ဖွားမြင်နိုင်ခဲ့ပြီလို့ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက ပြောပါတယ်။
ဆုရရှိတဲ့အတွက် ဆုကြေး ဒေါ်လာ ၁,၅၀၀,၀၀၀ နဲ့ ရွှေတံဆိပ်ဆု ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။ နှစ်စဉ်ပေးနေတဲ့ ကဏ္ဍစုံ နိုဘယ်လ်ဆုတွေအတွက် ဆေးသိပ္ပံကို အမြဲတမ်း ပထမ ကြေညာလေ့ ရှိပါတယ်။