သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့


 နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်
နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်

[[Zawgyi/Unicode]]

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ဒီကနေ့ ကြာသပတေးနေ့မှာဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေ ကိုပြောပါတယ်။ ၂ ရက်တာခရီးစဉ်ဟာ ဒီကနေ့မှာအဆုံးသတ်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer ဟာရာထူးခန့်အပ်ခံရပြီး ၁၀ လနီးပါးအကြာ မြန်မာနိုင်ငံကိုလာရောက်တာဖြစ်ပြီး ခရီးစဉ်ပထမနေ့မှာ စစ်ကောင်စီအကြီးအကဲနဲ့ နိုင်ငံခြားရေးဌာန ဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့ပါ တယ်။ ဒီကနေ့ခရီးစဉ်နောက်ဆုံးနေမှာ တော့ နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဗိုလ်ချုပ်ကြီးရာပြည့်တို့ ဦးဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးညှိုနှိုင်းအဖွဲ့အဲဒီအဖွဲ့နဲ့တွေ့ဖြစ်တယ်လို့သိရပါတယ်။ မူလခရီးစဉ်အတိုင်းဆို ဒီကနေ့ဆိုပြီးပါပြီ။ ငြိမ်းချမ်းရေးကိစ္စပဲ။ ကျနော်တို့ EAO အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အခြေအနေတွေနဲ့ပတ်သတ်ပြီးဆွေးနွေးတာပါဗျ။”

တွေ့ဆုံ ဆွေးနွေးတဲ့အသေးစိတ်ကိုတော့ စစ်ကောင်စီဘက်က ဖြေဆိုဖို့ငြင်းဆိုပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ ဒီကနေ့ အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ ခရီးစဉ်အစမှာတော့ ကုလသမဂ္ဂဘက်က နိုင်ငံရေးအဝန်းအဝိုင်းကပါဝင်ပတ်သက်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နောက် လက်ရှိပဋိပက္ခကြောင့် ထိခိုက်ခံစားရတဲ့အသိုက်အဝန်း တွေနဲ့ တွေ့ဆုံမယ်လို့ ထုတ်ပြန်ပြောဆိုထားပေမယ့် ဒီခရီးစဉ်မှာတော့ တွေ့ဆုံနိုင်ခဲ့ခြင်းမရှိပါဘူး။

ဘယ်လိုကြောင့်တွေ့ဆုံခြင်းမရှိသလဲဆိုတာနဲ့ပတ်သက်လို့လည်းစစ်ကောင်စီဘက်ကဖြေဆိုတာမရှိသလို ရှင်းရှင်းလင်းလင်းပြောတာမရှိပါဘူး။ အထိန်းသိမ်းခံပြီး တရားရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ကိုတော့ စစ်ကောင်စီကတရားဥပဒေနဲ့ရင်ဆိုင်နေရဆဲသူတယောက်ဖြစ်တာမို့ ဆိုတဲ့ အကြောင်းပြချက်နဲ့တွေ့ဆုံခွင့်မပေး ခဲ့ပါဘူး။

ကုလအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က အမြင်သဘောထားကိုမေးတာမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောပါတယ်။

“ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ အထွေထွေအတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ်ကို အစိုးရအနေနဲ့ လက်ခံတွေ့ခဲ့တယ်။ တွေ့ချိန်မှာ မြန်မာနိုင်ငံနဲ့ကုလသမဂ္ဂကြားထဲ ဆက်သွယ်ဆက်ဆံမှု ကျနော်တို့မနေ့ကသတင်းထုတ်ပြန်ခဲ့တယ်။ ဆက်သွယ်ဆက်ဆံမှု တိုးမြင့်ရေးကို ဆွေးနွေးနိုင်ခဲ့တယ်လို့ပဲ ပြောချင်တယ်။”

မနေ့က စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာတော့ ကုလသမဂ္ဂက ရှုတ်ချခဲ့တဲ့ မကြာသေးခင်တုန်းက ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ကွပ်မျက်မှုမျိုး နောက်ထပ်မလုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို စိုးရိမ်တာမို့ တွေ့ဆုံခွင့် ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell ကို ပြန်လွှတ်ပေးဖို့ နဲ့ဖမ်းဆီးထားတဲ့ အရွယ်မရောက်သေးသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့တယ်လို့ ကုလဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က သူတာဝန်ယူပြီး လပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံအတွင်း ပဋိပက္ခအခြေအနေ ပိုပြီး ဆိုးဝါးလာသလို ဘက်ပေါင်းစုံ အကြပ်အတည်းတွေ နေရာအနှံ့ ကြီးမားလာတဲအ့ကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ဇွန်လအတွင်း အလွတ်သဘော တင်ပြခဲ့ပါတယ်။ မြန်မာ စစ်တပ်ဟာ အင်အား အလွန်အကျွံ ဆက်လက် အသုံးပြုနေဆဲ ဖြစ်ပြီး အရပ်သားတွေ အပေါ်မှာ အပြင်းအထန် တိုက်ခိုက်နေသလို တိုင်းရင်းသားလူမျိုးစုဒေသတွေအတွင်း လေကြောင်းက ဗုံးကျဲတိုက်ခိုက်တာတွေအပါအဝင် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အကြောင်းတွေကို တင်ပြပြောဆိုထားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီခရီးစဉ်ကနေ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာအောင်နဲ့ စစ်ကောင်စီရဲ့ ရပ်တည်ချက်ကို ပြောင်းလဲအောင် သိမ်းသွင်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးတော့ အကဲခတ်တွေကြားမှာ မျှော်လင့်ထားတာမျိုး မတွေ့ရပါဘူး။

ကုလကိုယ်စားလှယ်ရောက်နေချိန်မှာဘဲ စစ်ကိုင်းတိုင်းဘက်မှာ စစ်ရေးအရ ဖိအားပေးထိုးစစ်တွေ စစ်ကောင်စီဘက်က ဆက်လက်လုပ်ကိုင်နေသလို ရွာလုံးကျွတ်မီးရှို့တယ်ဆိုတဲ့ ဖြစ်စဉ်တွေ လုပ် ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ဖို့နဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေပေးနိုင်ရေး ကုလသမဂ္ဂဘက်က တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]














XS
SM
MD
LG