သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်မ် ဂျုံ အွန်းကို ခေါင်းဆောင်သစ်အဖြစ် တရုတ် အသိအမှတ်ပြု


ကင်မ် ဂျုံ အွန်းကို ခေါင်းဆောင်သစ်အဖြစ် တရုတ် အသိအမှတ်ပြု
ကင်မ် ဂျုံ အွန်းကို ခေါင်းဆောင်သစ်အဖြစ် တရုတ် အသိအမှတ်ပြု

ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံ အီလ်ရဲ့ သားအငယ်ဆုံးဖြစ်သူ ကင်မ် ဂျုံ အွန်းကို မြောက်ကိုရီးယားနိုင်ငံရဲ့ခေါင်းဆောင်သစ်အဖြစ် တရုတ်နိုင်ငံက အသိအမှတ်ပြုလိုက်ပါပြီ။

မြောက်ကိုရီးယား ရုပ်မြင်သံကြားဌာနကနေပြီး ဖန်ခေါင်းထဲမှာထည့်ထားပြီး အနီရောင်စောင်ဖုံးအုပ်ပြီး အနီရောင်ပန်းပွင့်တွေ ပတ်ပတ်လည်မှာချထားတဲ့ မစ္စတာကင်မ် ဂျုံ အီးလ်ရဲ့ ရုပ်ကလာပ်ကို ပြသခဲ့ပါတယ်။

၂၈ နှစ်လောက်ပဲ ရှိသေးတဲ့ သားဖြစ်သူ ကင်မ် ဂျုံ အွန်းဟာ သူ့အသက်အရွယ်နဲ့ ပြင်ပကမ္ဘာကို ဆက်ဆံနိုင်ပါ့မလားဆိုတာနဲ့ တိုင်းပြည်ကို ဦးဆောင်နိုင်ပါ့မလားဆိုတာကို မသေချာသေးဘဲ ဖြစ်နေပါတယ်။ ပီကင်းမြို့က နိုငငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လျူဝီမိန်က မစ္စတာကင်မ် ဂျုံ အွန်းကို ထိပ်တန်း တရားဝင်တာဝန်ရှိသူတယောက်အဖြစ် အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။

ပြောခွင့်ရသူက ပြောခဲ့ရာမှာ ပထမတော့ မစ္စတာ ကင်မ် ဂျုံ အွန်းဟာ တရုတ်နိုင်ငံကို အလည်အပတ်ခရီး လာမလာ ဆိုတာ ဘာသတင်းမှ မရကြောင်း ပြောခဲ့ပေမယ့် မကြာခင်မှာပဲ ပီကင်းကို အလည်လာဖို့ ဖိတ်ခေါ်ခဲ့တာပါ။

တရုတ်သမ္မတ ဟူကျင်းတောင်ကလည်း ပီကင်းမြို့မှာရှိတဲ့မြောက်ကိုရီးယားသံရုံးကို သွားရောက်ပြီး သူ့ရဲ့ ဝမ်းနည်းကြောင်းစာချွန်လွှာကို ပေးပို့ခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ကြေညာခဲ့ပါတယ်။ ဒီသွားရောက်ခဲ့တဲ့ခရီးစဉ်အသေးစိတ်ကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

တချိန်တည်းမှာပဲ တရုတ်အစိုးရက မြောက်ကိုရီးယားကို အားပေးထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး ယန်ကျီးချီကလည်း တောင်ကိုရီးယား၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဖုံးကတဆင့် အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဒီ အမေရိကန်၊ တရုတ်နဲ့ တောင်ကိုးရီးယား သုံးနိုင်ငံတို့ဟာ ကိုရီးယားကျွန်းဆွယ်ဒေသတွင်း တည်ငြိမ်းအေးချမ်းမှုရှိဖို့အတွက် နီးနီးကပ်ကပ် ထိတွေ့ဆောင်ရွက်သွားကြဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

XS
SM
MD
LG