သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကွပ်မျက်ခံရ သတင်းထွက်

  • ဗွီအိုအေ (မြန်မာဌာန)

စစ်ဘက်ဆိုင်ရာ အခမ်းအနားတခုအတွင်း အိပ်ပျော်သွားခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးကို မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က ကွပ်မျက်လိုက်တယ်လို့ တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေး အေဂျင်စီက ပြောလိုက်ပါတယ်။

Hyon Yong Chol ကို ဧပြီလ ၃၀ ရက်နေ့က လေယာဉ်ပစ် စက်သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တာကို မြောက်ကိုရီးယား အရာရှိ ရာနဲ့ချီပြီး ကြည့်ရှုခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ လက်ထောက် ညွှန်ကြားရေးမှူးက ဗုဒ္ဒဟူးနေ့က ပြောပါတယ်။

မစ္စတာ Kim Jong Un ဟာ သူ့အပေါ် အတိုက်အခံပြုသူ၊ သူ့ရဲ့အာဏာကို ထိပါးဖို့ ကြံရွယ်သူတွေကို သည်းခံလေ့ မရှိသူအဖြစ် လူသိများပါတယ်။ အခုနှစ်အတွင်းမှာလည်း သူ့အပေါ် ပုန်ကန်မှုနဲ့ အဆင့်မြင့် အရာရှိ ၁၅ ဦးကို အရေးယူ ကွပ်မျက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တုန်းကလည်း သူ့ရဲ့ ဦးလေးတော်သူကို သစ္စာဖောက်မှုနဲ့ ကွပ်မျက်ခဲ့ပါတယ်။

မြောက်ကိုရီးယားမှာ အခုလို သတ်ဖြတ်နေတာဟာ Kim Jong Un ရဲ့ တခုတည်းသော အာဏာရှင်အစိုးရ အနေနဲ့ သူတို့ ရပ်တည်နိုင်ဖို့အတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေတခုကို ဖန်တီးနေတာလို့ တောင်ကိုရီးယားအစိုးရ အနေနဲ့ ရှုမြင်ပြီး အခုလို ရက်ရက်စက်စက် လုပ်ဆောင်နေတာတွေဟာ ရေရှည်မှာ မြောက်ကိုရီးယား အစိုးရအပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်နေပါတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောခွင့်ရ Lim Byeong-cheol က ပြောပါတယ်။

လွန်ခဲ့တဲ့ တနှစ်လောက်ကမှ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ Mr. Hyon ဟာအယင်ကလည်း Mr. Kim ကို ပြန်လှန် ပြောဆိုခဲ့ဘူးတာတွေ ရှိခဲ့ကြောင်း ကြားသိရတယ်လို့ တောင်ကိုရီးယား သတင်းဌာန Yonhap က ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ ကာကွယ်ရေးဝန်ကြီး တာဝန်ဟာ အဓိကအားဖြင့် ထောက်ပံ့စီမံခန့်ခွဲမှုနဲ့ နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းရပ်တွေကိုလည်း အဓိက ကြီးကြပ်ရတာပါ။

မူဝါဒရေးဆွဲ ချမှတ်တဲ့ အပိုင်းတွေကိုလည်း သြဇာကြီးတဲ့ မြောက်ကိုရီးယား ကာကွယ်ရေး ကော်မရှင်နဲ့ ကွန်မြူနစ်ပါတီရဲ့ ဗဟိုစစ်ကော်မရှင်တို့က ပူးတွဲ ဆောင်ရွက်ပါတယ်။ အခုလိုမျိုး ကာကွယ်ရေးဝန်ကြီး အရေးယူ ကွပ်မျက်ခံရမှုနဲ့ ပတ်သတ်လို့ လူသိရှင်ကြား ပြောဆိုတာမျိုးတော့ မရှိပါဘူး။

XS
SM
MD
LG