မြောက်ကိုရီးယားနိုင်ငံက သူတို့ရဲ့ အရှေ့ဘက် ကမ်းလွန်ပင်လယ်ထဲမှာ နောက်ထပ် တာတိုပစ် ဒုံးကျည်နှစ်စင်း ပစ်လွှတ် စမ်းသပ်ခဲ့တာကြောင့် ဒါဟာဖြင့် သီတင်းတပတ်တောင် မရှိတဲ့အချိန်အတွင်း တတိယအကြိမ်မြောက် စမ်းသပ်မှု ဖြစ်ပါတယ်။
ဒီကနေ့ အဲဒီလို ပစ်လွှတ်စမ်းသပ်တဲ့ သတင်းဟာ တောင်ကိုရီးယားဘက်က လာတာဖြစ်ပြီး ဒုံးကျည်တွေဟာ ဘာမှ အန္တရာယ်မရှိဘဲ အရှေ့ပင်လယ်ထဲ ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
Wonsan မြို့ကနေ အဲဒီဒုံးကျည်တွေကို ပစ်လွှတ်စမ်းသပ်ခဲ့တာဖြစ်ပြီး၊ ၁၁၁ မိုင် ကျော်အကွာကို ရောက်နိုင်တယ်လို့ တောင်ကိုရီးယားကပြောပါတယ်။
ဒုံးကျည်အများအပြား ထည့်ပစ်နိုင်တဲ့ ပစ်စင်တခုကနေ ၃၀၀ မီလီမီတာ KN-09 တာတိုပစ်ဒုံးကျည်ကို ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယားဘက်က ယူဆပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့သီတင်းပတ် တနင်္ဂနွေနဲ့ ကြာသပတေး နေ့တွေတုန်းကလည်း တာတိုပစ် ဒုံးကျည်နှစ်စင်းဆီကို အလားတူ ပင်လယ်ပြင်ထဲ ပစ်လွှတ် စမ်းသပ်ခဲ့ပါသေးတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေအပေါ် အများအားဖြင့် အာရုံစိုက် ဆွေးနွေးဖို့ တရုတ်သမ္မတ ရှီ ကျင့်ဖျင် တောင်ကိုရီးယားနိုင်ငံဆီမသွားခင် တရက်မှာပဲ အခု နောက်ဆုံး ဒုံးကျည်စမ်းသပ်မှုကို လုပ်ခဲ့တာ ဖြစ်ပါတယ်။