မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည် စမ်းသပ် ပစ်လွှတ်တာတွေ၊ နျူကလီးယား စမ်းသပ် ဖောက်ခွဲတာတွေနဲ့ ယူရေနီယံ သန့်စင်ရေး အစီအစဉ်တွေကို ရပ်တန့်ဖို့ သဘောတူလိုက်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။
ယူရေနီယံ သန့်စင်ရေးလုပ်ငန်းတွေ ရပ်တန့်ခြင်း ရှိမရှိဆိုတာနဲ့ Yongbyon နျူကလီးယားစက်ရုံကို အမှန်တကယ် ပိတ်ပစ်လိုက်ခြင်း ရှိမရှိ ဆိုတာတွေကိုလည်း နိုင်ငံတကာက ပညာရှင်တွေ လာရောက် စစ်ဆေးခွင့်ပြုဖို့ အတွက်လည်း မြောက်ကိုရီးယားက သဘောတူလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က ပြောလိုက်တာပါ။
မြောက်ကိုရီးယားနိုင်ငံမှာ အရေးပေါ်လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေ ရရှိဖို့အတွက် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား လက်နက် ဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ ပြန်စဖို့ အမေရိကန်ပြည်ထောင်စုက ဖိအားပေး လုပ်ဆောင်နေတဲ့အချိန်မှာပဲ Victoria Nuland ရဲ့ ကြေညာချက် အခုလို ထွက်လာတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ အမေရိကန် အထူးသံတမန် Glyn Davies ကတော့ ဆွေးနွေးမှုတွေအပေါ် ကျေနပ်အားရမှုရှိပေမဲ့ လက်တွေ့မပါဘဲ စကားအဖြစ် ပြောဆိုနေတဲ့အပေါ် သူ့အနေနဲ့ စိတ်မ၀င်စားဘူးလို့ ပြောခဲ့ပါတယ်။
အမေရိကန်ကပေးနေတဲ့ စားနပ်ရိက္ခာတွေကို စစ်တပ်နဲ့ ထိပ်သီး နိုင်ငံရေးခေါင်းဆောင်တွေထံ လွှဲပြောင်းပေးနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် အမေရိကန်က မြောက်ကိုရီးယားကို ပေးနေတဲ့ စားနပ်ရိက္ခာတွေကို ၂၀၀၉ ခုနှစ်မှာ ရပ်တန့်ထားခဲ့တာပါ။