သုံးရလွယ်ကူစေသည့် Link များ

မြန်မာနဲ့ ဗီယက်နမ်ကို မြောက်ကိုရီးယား အတုယူဖို့မမြင်

  • ဗွီအိုအေ (မြန်မာဌာန)

မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေအတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်း ပြောဆိုနေတဲ့အပေါ် မြောက်ကိုရီးယားဘက်က အလေးနက်ထား စဉ်းစားမယ့်ပုံ မပေါ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီး သိသာတဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေ ရှိလာတာကို နမူနာယူပြီး လိုက်နာ ကျင့်သုံးသင့်ကြောင်း တောင်ကိုရီးယားသမ္မတ Park Geun-hye က အခုလ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီး အကျိုးဖြစ်ထွန်းတာကို တွေ့ရကြောင်း တောင်ကိုရီးယား သမ္မတက ပြောပါတယ်။
ဗီယက်နမ်နိုင်ငံမှာ လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှု ပုံစံက မြောက်ကိုရီးယားအတွက် အဆင်ပြေနိုင်ကြောင်း Asia Foundation အဖွဲ့က တောင်ကိုရီးယားဆိုင်ရာ ကိုယ်စားလှယ် Peter Beck က ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံထဲမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ အရမ်းနှေးကွေးခဲ့တဲ့အတွက် သိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်မယ်မထင်ဘူးလို့ သူက ပြောပါတယ်။

မြောက်ကိုရီးယား အနေနဲ့ ပြုပြင်ပြောင်းလဲရေး ဆိုတာထက် ကိုယ့်ဟာကိုယ် ရပ်တည်နိုင်ရေးကိုသာ အာရုံစိုက် လုပ်ဆောင်နေကြောင်း မြောက်ကိုရီးယား သံအမတ်က သူ့ကို ပြောခဲ့တယ်လို့ ဗီယက်နမ် - မြောက်ကိုရီးယား ချစ်ကြည်ရေးအသင်းရဲ့ အကြီးအကဲ Pham Tat Dong က ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG