သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီယားဒုံးကျည် အစီအစဉ် ဒေသတည်ငြိမ်မှုကို ထိခိုက်


မြောက်ကိုရီယားဘက်က တာဝေးပစ်ဒုံးကျည် လွှတ်တင်မယ်ဆိုတဲ့ ကြေညာချက်အတိုင်း လုပ်မယ်ဆိုရင် ဒါဟာ တမင်တကာ ရန်စတဲ့သဘောဖြစ်ပြီး၊ ဒါဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက တုံ့ပြန်ပြောလိုက်ပါတယ်။ မြောက်ကိုရီယား အနေနဲ့ ဘယ်လိုမျိုး ပဲ့ထိန်းဒုံးကျည်ကိုမဆို ပစ်လွှတ်မယ်ဆိုရင် ဒါဟာ အခု နှစ်ဆန်းပိုင်းက ချမှတ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို တိုက်ရိုက် ချိုးဖောက်တာ ဖြစ်တယ်လို့လည်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။

မြောက်ကိုရီယားအနေနဲ့ ဒီလကုန်ပိုင်းမှာ တာဝေးပစ် ဒုံးကျည်လွှတ်ဖို့ ရှိတယ်လို့ မြောက်ကိုရီယား အစိုးရပိုင် သတင်းဌာနက ကြေညာခဲ့တဲ့နောက်၊ အမေရိကန်နိုင်ငံခြားရေးဌာန ကလည်း အခုလို ကြေညာချက် စနေနေ့က ထုတ်ပြန်ခဲ့တာပါ။ မြောက်ကိုရီယားအနေနဲ့ နျူကလီယားလက်နက် ထုတ်နိုင်ဖို့နဲ့ တာဝေးပစ်ဒုံးကျည် လွှတ်တင်နိုင်ဖို့ အခုလို ကြိုးပမ်းနေတာတွေကြောင့် ကမ္ဘာမှာ ပို အထီးကျန် ဖြစ်ပြီး တိုင်းပြည်အတွက်လည်း ဆင်းရဲငတ်မွတ်မှု ဖြစ်စေလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက သတိပေးပါတယ်။

အခုလို မြောက်ကိုရီယားက ကြေညာလိုက်တဲ့နောက် ဂျပန်နိုင်ငံအနေနဲ့ မြောက်ကိုရီယားနဲ့ သံတမန်ရေး ဆွေးနွေးဖို့ ကိစ္စကို ရွှေ့ဆိုင်းလိုက်တယ်လို့ ကျိုတိုသတင်းက ကြေညာ ပါတယ်။ မြောက်ကိုရီယားကတော့ အခုလို တာဝေးပစ်ဒုံးကျည် လွှတ်တင်တာဟာ လာမယ့် ဒီဇင်လာ ၁၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကမ္ဘာပတ်လမ်းကြောင်းထဲကို ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်ဖို့ အစီအစဉ် ဖြစ်တယ်လို့ မြောက်ကိုရီယားရဲ့ ကိုရီယားအာကာသ နည်းပညာ သိပ္ပံက ကြေညာပါတယ်။
XS
SM
MD
LG