သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲ မြောက်ကိုရီးယား နမူနာယူဖို့ အမေရိကန်တိုက်တွန်း


အမေရိကန်သမ္မတရဲ့ နိုင်ငံတော် လုံခြုံရေးအကြံပေး Thomas Donilon
အမေရိကန်သမ္မတရဲ့ နိုင်ငံတော် လုံခြုံရေးအကြံပေး Thomas Donilon
ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှှုတွေ လုပ်မယ့် နိုင်ငံတွေအတွက် အမေရိကန် အစိုးရက လက်ကမ်း ကူညီဖို့ အဆင်သင့်ရှိနေ သလို မြောက်ကိုရီးယားအနေနဲ့ ဒါကို သံသယဖြစ်မယ် ဆိုရင် မြန်မာနိုင်ငံကို သက်သေအဖြစ် ကြည့်နိုင်တယ်လို့ အမေရိကန် သမ္မတရဲ့ နိုင်ငံတော် လုံခြုံရေး အကြံပေးက ပြောကြားခဲ့ပါတယ်။ ဒီလို အမေရိကန် အပါအဝင် နိုင်ငံတကာက အကူအညီပေးကြတာတွေဟာ ကိုယ်ကျိုးပါအောင် ကြည့်လေ့ရှိကြတယ်လို့ နိုင်ငံရေးသုံးသပ် သူတွေက မြင်သလို မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။


အာရှ-ပစိဖိတ်ဒေသနဲ့ စီးပွါးရေး၊ နိုင်ငံရေးနဲ့ မဟာဗျူဟာဆိုင်ရာ ပိုပြီး ထဲထဲဝင်ဝင် ဆက်ဆံနိုင်ဖို့ ကြိုးစားလာတဲ့ အမေရိကန် အစိုးရအနေနဲ့ မြောက်ကိုရီးယားအရေးဟာ ခေါင်းခဲစရာ ဖြစ်နေတာ ပါ။ မြောက်ကိုရီးယားကို သူ့ရဲ့ နျူကလီယားနဲ့ တာဝေးပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ် မှုတွေကြောင့် ဒဏ်ခတ်အရေးယူမှုတွေ ချထားပေမဲ့ အမေရိကန်က ခွင့်လွှတ်မယ့် အကြောင်းနဲ့ မြောက် ကိုရီးယားနဲ့ ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်ဖို့ အသင့်ရှိနေသလို၊ ဥပမာအဖြစ် မြန်မာနိုင်ငံကို စံထားကြည့်နိုင်တယ်လို့ နယူးယောက်ခ်က Asia Soceity မှာ တနင်္လာနေ့က ကျင်းပတဲ့ ၂၀၁၃ ခုနှစ်အတွက် အမေရိကန်နဲ့ အာရှ-ပစိဖိတ်ဒေသအရေး ဆိုင်ရာ ဟောပြောပွဲမှာ အမေရိကန်သမ္မတ Barack Obama ရဲ့ နိုင်ငံတော် လုံခြုံရေး အကြံပေး သောမတ်စ် ဒွန်နယ်လွန် (Thomas Donilon) က ပြောကြားခဲ့ပါတယ်။

“သမ္မတရဲ့ လုပ်ဆောင်ချက်တွေကို သံသယဖြစ်တဲ့ ဘယ်သူမဆို မြန်မာနိုင်ငံအတွက် လုပ်ဆောင်ပေးတာကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ခေါင်းဆောင်သစ် တွေ ကနေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လုပ်လာနေတာပါ။ သမ္မတ အိုဘားမားရဲ့ မြန်မာ
နိုင်ငံကို သွားခဲ့တဲ့ သမိုင်းဝင် ခရီးစဉ်ကိုကြည့်ရင် အရင်က ဘယ်လောက်ပဲ ရန်သူလို ဖြစ်နေပါစေ ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ပြီး ဆက်ဆံရေးကို ပြောင်းလဲ လိုက်ဖို့ အမေရိကန်ဘက်က အသင့်ပဲဆိုတာ ပြလိုက်တာပါ။”

မြန်မာနိုင်ငံမှာ လုပ်မယ့် အပြောင်းအလဲတွေထဲမှာ မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှု မလုပ်ဖို့ အမေရိကန်က ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှုဆိုင်ရာ သံသယတွေ ရှိနေတဲ့ကြားကပဲ အမေရိကန် သမ္မတက နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို ကိုယ်တိုင် လာရောက်ခဲ့ပါတယ်။

နိုင်ငံတကာကလည်း မြန်မာနိုင်ငံက ပေးဆပ်ဖို့ရှိနေတဲ့ ကြွေးမြီပေါင်း ဘီလျံနဲ့ချီပြီး လျှော်ပစ်ခဲ့ကြ သလို၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကူညီထောက်ပံ့မှုတွေ အများအပြား ပေးခဲ့ကြပြီး
မြန်မာနိုင်ငံတွင်း လာရောက် ရင်းနှီးမြှုပ်နှံမှုတွေလည်း လုပ်လာခဲ့ကြတာပါ။

ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်နေတဲ့ မြန်မာနိုင်ငံဟာ အရင်ကလို အထီးကျန် ဖြစ်မနေတော့ ဘဲ နိုင်ငံသားတွေရဲ့ အနာဂတ်အတွက်လည်း ပိုပြီး လမ်းပွင့်လာခဲ့တာမို့ မြောက်ကိုရီးယား
က မြန်မာနိုင်ငံလို အပြောင်းအလဲတွေ လုပ်ဖို့လည်း တိုက်တွန်းခဲ့ပါ တယ်။

“မြန်မာနိုင်ငံဟာ အထီးကျန် ဖြစ်မနေတော့ပါဘူး။ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ရော အမေရိကန်နိုင်ငံနဲ့ပါ လက်တွဲ ဆောင်ရွက်လာတဲ့အတွက် မြန်မာပြည်သူတွေရဲ့ အနာဂတ် ပိုမို ကောင်းမွန်လာစေမယ့် လမ်းတွေပွင့်လာခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး
ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေသမျှ၊ လူ့အခွင့်အရေး ကောင်းမွန်လာအောင် လုပ်နေသမျှ အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံဘက်က ရပ်တည်နေမှာဖြစ်ကြောင်း သမ္မတ အိုဘားမား က မြန်မာနိုင်ငံခရီးမှာ မြန်မာပြည်သူတွေကို ပြောကြားခဲ့တာပါ။ ဒီလို မြန်မာရဲ့ လုပ်ဆောင်မှုတွေလို မြောက်ကိုရီးယား ခေါင်းဆောင်တွေလည်း လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်။”

အခုလို မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေအတွက် အကူအညီတွေပေးတာဟာ ကောင်းတဲ့ လက္ခဏာဖြစ်ပေမဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာက အကူအညီ ပေးကြတာတွေဟာ ကိုယ်ကျိုးပါအောင် ကြည့်လေ့ရှိကြတယ်လို့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း က သုံးသပ်ပါတယ်။

“အမေရိကန်အနေနဲ့ကတော့ သူက မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲအောင် ဆိုတဲ့သဘောမျိုးနဲ့ ထိုက်သလောက် အထောက်အပံ့တွေ၊ အကူအညီတွေပေါ့လေ ပေးနေတာပေါ့။ မြောက်ကိုရီးယား ကလည်း သူ့ရဲ့ဝါဒလမ်းစဉ်ကို နည်းနည်း ပျော့ပျောင်းအောင် လုပ်လာလို့ရှိရင် အမေရိကန်အနေ နဲ့လည်း မြောက်ကိုရီးယားကို အကူအညီ ပေးချင်တယ်ဆိုတဲ့သဘော။ သူတို့ရဲ့ ဆုံးဖြတ်ချက်ပေါ့
လေ။ သူတို့ရဲ့ သဘောပေါ့။ ကိုယ့်အကျိုးကို ကိုယ်ကြည့်ပြီးတော့ ပေးတဲ့နိုင်ငံတွေချည်းပဲ။”

အရင်က အထီးကျန်ဖြစ်နေတဲ့ ခက်ခက်ခဲခဲနဲ့ ရပ်တည်နေရတဲ့ မြန်မာနိုင်ငံဟာ အခု နိုင်ငံတကာနဲ့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာနေတာပါ။ ပြုပြင်ပြောင်းလဲမှုတွေ ကြောင့် နိုင်ငံတကာက လာရောက် ရင်းနှီးမြှုပ်နှံမှုနဲ့အတူ အကူအညီတွေ ပေးလာတဲ့ မြန်မာနိုင်ငံမှာ လက်ရှိမှာရော တကယ် ပြောင်းလဲနေပြီလို့ မြင်ပါသလား။

“မြန်မာနိုင်ငံမှာကတော့ ပြောင်းလဲတယ်၊ မပြောင်းလဲဘူးတို့ ဆိုတာကတော့ တော်တော် ခက်တယ်လေ ပြောရပုံက။ ပြည်သူလူထုအနေနဲ့ကတော့ ဘာပဲပြောပြောပေါ့လေ ဒီမိုကရေစီ အနေနဲ့ အုပ်ချုပ်နေတယ်လို့ ဒီလိုပဲ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပါတီကို လွတ်လပ်စွာ တခြားနိုင်ငံရေးပါတီတွေကိုလည်း လွတ်လပ်စွာ ဟောပြောခွင့်၊ စည်းရုံးခွင့် ပေးထားတယ်ဆိုတော့ ဘာပဲပြောပြော ထိုက်သလောက် ဒီမိုကရေစီ ကျတယ်လို့ ဒီလိုပဲ ယူဆပါတယ်။ ဦးသိန်းစိန်အနေနဲ့လည်း ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေ တော်တော်များများနဲ့ သူ တွေ့ဆုံရတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တဲ့ ဆန္ဒရှိမယ်လို့ ဒီလိုပဲ မြင်ပါတယ်။”

မြန်မာနိုင်ငံ ဒီမိုကရေစီရေး ထွန်းကားလာမယ့် ပြောင်းလဲမှုတွေအတွက် နိုင်ငံတကာနဲ့ ထဲထဲဝင်ဝင် ဆက်ဆံနိုင်ရေးဟာ အဓိကကျသလို ပြောင်းလဲမှုတွေကို ဆက်ပြီး လုပ်သွားဖို့လည်း မျှော်လင့်နေ ကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG