သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြိမ်းခြောက်မှုရပ်ဆိုင်းဖို့ မြောက်ကိုရီးယားကို တောင်ပိုင်းကသတိပေး


တောင်နဲ့မြောက်ကိုရီးယား စစ်မဲ့ဇုံအနီး စောင့်ကြပ်နေတဲ့ တောင်ကိုရီးယားစစ်သားတဦး။ (မတ်လ ၁၂ ရက်၊ ၂၀၁၃)။
တောင်နဲ့မြောက်ကိုရီးယား စစ်မဲ့ဇုံအနီး စောင့်ကြပ်နေတဲ့ တောင်ကိုရီးယားစစ်သားတဦး။ (မတ်လ ၁၂ ရက်၊ ၂၀၁၃)။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ လက်မခံနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ရပ်တန်းကရပ် ဖို့ တောင်ကိုရီးယား အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ တောင်ကိုရီးယားတပ်ဖွဲ့တွေ အနေနဲ့ မြောက်ကိုရီးယားရဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို ပြတ်ပြတ်သားသား ဒဏ်ခတ်အရေးယူသွားဖို့ အဆင်သင့် အနေအထားမှာရှိတယ်လို့ စနေနေ့မှာထုတ်ပြန်တဲ့ ဝန်ကြီးဌာနရဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံနဲ့ စစ်ဖြစ်နေတဲ့အနေအထားကို ရောက်ရှိနေပြီလို့ သဘောထားတဲ့အကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက စနေနေ့မှာ ပြောဆိုလိုက်ပြီးတဲ့နောက် တောင်ကိုရီးယားဘက်က အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ ဒီလို ကြေညာချက် ထုတ်ပြန်လိုက်ပြီးတဲ့နောက် မြောက်ကိုရီးယားနိုင်ငံက အင်တာနက် ဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်သူတွေက တိုက်ခိုက်ကြတယ်လို့ ယူဆရပါတယ်။ စနေနေ့မှာ ပျက်တောင်းပျက်တောင်း ဖြစ်နေတာကို တွေ့ရပါတယ်။ ဘယ်အဖွဲ့အစည်းကမှတော့ သူတို့ရဲ့လက်ချက်ဆိုတာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

စနေနေ့နှောင်းပိုင်းမှာတော့ နှစ်နိုင်ငံ ပူးတွဲဖွင့်လှစ်ထားတဲ့ စက်မှုဇုံကို ပိတ်ပစ်မယ် လို့ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်လိုက်ပါတယ်။ မြောက်ကိုရီးယားအပေါ် ဂုဏ်သိက္ခာကျဆင်းအောင် ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် နှစ်နိုင်ငံကြား စစ်မဲ့ဇုံအဖြစ် သတ်မှတ်ထားတဲ့ဒေသအတွင်း မြောက်ကိုရီးယားဘက်ခြမ်းမှာတည်ရှိတဲ့ ကေဆောင်း စက်မှုဇုံကို ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားရဲ့ စက်မှုဇုံ အုပ်ချုပ်ရေးရုံးက ပြောခွင့်ရသူက ပြောဆိုလိုက်တာပါ။

စစ်ရေးအသွင်ဆောင်မှုဟာ အဆန်းတကျယ်မဟုတ်ကြောင်း၊ ဒါပေမဲ့ ခြိမ်းခြောက်မှုတွေကတော့ ဆက်လက်ရှိနေကြောင်း တောင်နဲ့မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ သံတမန်ရေးကိစ္စတွေ ကို ဆောင်ရွက်ပေးနေတဲ့ တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ ကြေညာချက်အပေါ်မှာ အလေးအနက်ထားကြောင်း၊ အမေရိကန် အမျိုးသားကောင်စီရဲ့ ပြောခွင့်ရသူအမျိုးသမီး က ပြောဆိုလိုက်ပါတယ်။
XS
SM
MD
LG