သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်နဲ့ ညိနှိုင်းဖို့ NCA လက်မှတ်မထိုးအဖွဲ့တွေ စည်းဝေး


၂၀၁၅ ခုနှစ် မေလအတွင်းက ကျင်းပခဲ့သော ပန်ဆန်း ညီလာခံမြင်ကွင်း
၂၀၁၅ ခုနှစ် မေလအတွင်းက ကျင်းပခဲ့သော ပန်ဆန်း ညီလာခံမြင်ကွင်း

တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေဆွေးနွေးပွဲကို ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်းမှာ ၃ ရက်ကြာကျင်းပခဲ့ပြီး အစိုးရသစ်နဲ့ အမြန်ဆုံး နိုင်ငံရေးဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တဆက်တည်းမှာပဲ ရှမ်းနဲ့ ပလောင်တပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ရပ်ဆိုင်းပြီး နှစ်ဖက်ညှိနှိုင်းဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/ UWSA ၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ၊ မြန်မာပြည် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ MNDAA ကိုးကန့်တပ်ဖွဲ့၊ ရခိုင်တပ်မတော် AA၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ NDAA ခေါ် မိုင်းလားအဖွဲ့က ခေါင်းဆောင် ၃၄ ဦးဟာ ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်းမှ ဒီလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအပြီးမှာတော့ အစိုးရသစ်နဲ့ တွေ့ဆုံပြီး အမြန်ဆုံး နိုင်ငံရေးဆွေးနွေးဖို့ သဘောတူညီခဲ့ကြပါတယ်။

အစိုးရသစ်နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ကို စောင့်ဆိုင်းနေကြောင်းNDAA ခေါ် မိုင်းလားအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က အခုလို ပြောပါတယ်။

“အခုကျနော်တို့ ပန်ဆန်းထိပ်သီးညီလာခံ ၂ ကြိမ်တိုင်တိုင်ဆုံးဖြတ်ထားတဲ့အတိုင်း လာမယ့်အစိုးရသစ်ပေါ်ပေါက်လာတာကို ကျနော်တို့ ကြိုဆိုတယ်။ ပူးပေါင်းချင်တယ်။ အဲဒီဆန္ဒလည်းရှိတယ်။ လောလောဆယ် အစိုးရသစ်က အာဏာမရသေးဘူးလေ နောက်တရက် နှစ်ရက်လောက်လိုသေးတာကို အဲဒီအပေါ်မှာ ကြည့်ပြီးမှ ဘယ်လိုဆက်လုပ်မလဲဆိုတာပေါ်လာမှာ။ အစိုးရသစ်လက်ထက် ဘယ်လိုဆုံးဖြတ်မလဲဆိုတော့ ကျနော်တို့ စောင့်ကြည့်နေပါတယ်။”

၃ရက်ကြာ ကျင်းပတဲ့ အဖွဲ့ ၇ဖွဲ့ခေါင်းဆောင်တွေရဲ့ အစည်းအဝေးက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနဲ့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ကိုလည်း တိုက်တွန်း ထားပါတယ်။

နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့ကိုလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဦးကြည်မြင့်က ဆက်ပြောပါတယ်။

“သူတို့ ၂ ဖွဲ့စလုံးဟာ တိုင်းရင်းသားအဖွဲ့အစည်းဖြစ်ပါတယ်။ ကြေညာချက်ထဲကအတိုင်း ပစ်ခတ်ရပ်စဲရေးလုပ်ပါ။ နောက်အားလုံးကလည်း သူတို့ကို တိုက်တွန်းတယ်။ ကျနော်တို့ဟာ အကြမ်းနည်းနဲ့ ဖြေရှင်းတဲ့နည်းနဲ့ ကျနော်တို့ အဲဒီအဆင့်ကို မမျှော်လင့်ချင်ဘူး။ ဆိုတော့ လောလောဆယ်ကတော့ ကျနော်တို့အားလုံး သူတို့နဲ့ ဝိုင်းဝန်းဆွေးနွေးမှု၊ ၂ ဖက်စလုံး သဘောပေါက်ပြေလည်သွားအောင် ပြည်သူလူထုကို ဒုက္ခမပေးနိုင်အောင် အဲဒီဆန္ဒနဲ့ကျနော်တို့ ဆောင်ရွက်နေတာပါ။”

PSLF/ TNLA ခေါ် ပလောင်တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးမိုင်အိုက်ကျော်ကတော့ RCSS/SSA တောင်ပိုင်းနဲ့ ဆွေးနွေးရေးအတွက် UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ကြားဝင်ညှိနှိုင်းနေကြောင်းအခုလို ပြောဆိုပါတယ်။

“တွေ့ဆုံမှုကတော့ ၂ ဖက်ကတော့ လက်ခံတယ်။ UNFC နဲ့ ဒီ ၂ ဖက်သူတို့တွေ့ထားပြီးပြီ။ ဒါပေမယ့် ကျနော်တို့ တွေ့ရမယ့်နေရာနဲ့ ၊ တက်ရောက်မယ့် ပုဂ္ဂိုလ်ပေါ့နော် ၊ အချိန်တွေ ပြန်လည်ညှိနှိုင်းပေးဖို့ ကျနော်တို့ အကြောင်းပြန်ထားတယ်။ သူတို့နဲ့ဆက်သွယ်သေးတယ် အခုထိတော့ ဘာမှအကြောင်း ပြန်လာတာတော့မရှိသေးဘူး။”

ဒီလ ၂၄ရက်နေ့နောက်ပိုင်းမှာတော့ ရှမ်းတပ်နဲ့ ပလောင်တပ်ဖွဲ့အကြားမှာ တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့လည်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက လာမယ့် ရက်ပိုင်းအတွင်းမှာ အစိုးရသစ်ဖွဲ့စည်းဖို့ ရှိနေပြီး အစိုးရသစ်ဖွဲ့စည်းပြီးနောက်မှာတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCAကို လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေနဲ့ပါပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မျှော်လင့်ထားကြပါတယ်။

XS
SM
MD
LG