အဖြူရောင်နယ်မြေဖြစ်တဲ့ ရခိုင်ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ၀င်ရောက်အခြေချတာဟာ လုံခြုံရေးခြိမ်းခြောက်မှုဖြစ်တာကြောင့် အစိုးရဖက်က ထိုက်သင့်တဲ့လုံခြုံရေးဆောင်ရွက်ချက်တွေ လုပ်ဆောင်နေခြင်းဖြစ်တယ်လို့  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင်အကြီးအကဲက ပြောလိုက်ပါတယ်။ NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန နဲ့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ပြောဆိုသွားတာပါ။ ဒီအစည်းအဝေးအတွင်း နှစ်ဖက်အကြား တိုက်ပွဲတွေလျော့ချဖို့အပါအ၀င် သဘောတူညီချက်အချို့ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော် သတင်းပေးပို့ထားပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPCဖိတ်ကြားကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ် မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့လုံးက အားလုံး ပါဝင် တက်ရောက်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ NRPC ဒုတိယ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက နှုတ်ခွန်းဆက် အမှာစကားပြောကြားရာမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ကို အလေးထားပြောကြားပါတယ်။
လက်ရှိ ရခိုင်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့လည်း အခုလို ထည့်သွင်းပြောဆိုပါတယ်။
“ ရခိုင်မှာဖြစ်တဲ့ တိုက်ပွဲတွေဟာ မည်သည့်အဖွဲ့ကို လက်ခံသည်၊ လက်မခံသည် ဆိုတဲ့သဘောကြောင့် ဖြစ်ပွားနေခြင်း မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်ဟာ အဖြူရောင်နယ်မြေဖြစ်ပါတယ်။ အဖြူရောင်နယ်မြေကို လက်နက်ကိုင်အဖွဲ့တွေ အခြေချဖို့ ကြိုးစားခြင်းဟာ လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်တဲ့အတွက် အစိုးရဘက်က ထိုက်သင့်တဲ့ လုံခြုံရေးဆောင်ရွက်ချက်တွေကို ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်ဆိုတာ နားလည်သဘောပေါက်ပေးဖို့ လိုအပ်ကြောင်း တင်ပြလိုပါတယ်။”
ဆက်လက်ပြီး NCA လမ်းကြောင်းမှာ ပါဝင်ရေးအတွက်လည်း အခုလို ပြောပါတယ်။
“ နှစ်ပေါင်း ၇၀ကျော် ကြာမြင့်ပြီဖြစ်တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေရဲ့သင်ခန်းစာ နဲ့ အခုလက်ရှိ ရခိုင်ပြည်နယ်ရဲ့ ပြည်သူတွေရဲ့ အခြေအနေဟာ လက်နက်ကိုင်ပြီးတော့ အခွင့်အရေးတွေ တောင်းဆိုနေမယ့် အစား နိုင်ငံရေးစားပွဲဝိုင်းကို လာရောက်ကြဖို့ ကျနော်တို့ ဖိတ်ခေါ်ပြီးတော့ အလေးအနက် ပြောကြားလို ပါတယ်။ NCA လမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာဖို့ အစိုးရနဲ့ တပ်မတော်က ငြိမ်းချမ်းရေးတံခါးကို အမြဲတမ်းပဲ ဖွင့်လှစ်ထားပါတယ်။ ”
ဆွေးနွေးပွဲအတွင်းမှာ အဖွဲ့အစည်း အသီးသီးက လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာရပ်တွေကို တင်ပြညှိနှိုင်းခဲ့ပြီးတဲ့ နောက်မှာ အချက် ၅ချက်သဘောတူ ညီခဲ့ကြကြောင်း ဆွေးနွေးပွဲအပြီးမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလို ပြောပါတယ်။
“ ကျနော်တို့ အချက် ၅ချက်ရတယ်။ နံပတ် ၁က တော့ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လျော့ချနိုင်ရေး အတွက် ဆက်လက်ညှိနှိုင်းသွားမယ်။ နံပတ်၂က တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရေး အတွက် ဆက်လက်ညှိနှိုင်းကြမယ်။ နံပတ်၃က ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူများအတွက်နှစ်ဘက်စလုံးက အလေးထား ဆောင်ရွက်ကြမယ်။ နံပတ် ၄က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အရင်းခံ အကြောင်းတရားဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းကြမယ်။ နံပတ် ၅ က တော့ နှစ်ဘက်အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မကြာခဏ ဆက်လက်ပြုလုပ်သွားမယ်ဆိုတာ သဘောတူနိုင်ခဲ့ပါတယ်။”
တွေ့ဆုံဆွေးနွေးမှုတွေကိုတော့ ၂လ တစ်ကြိမ်ဆွေးနွေးဖို့ အကြမ်းဖျဉ်း သတ်မှတ်ခဲ့ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ အကျိုးရလဒ်အပေါ်မူတည်ပြီး တပ်မတော်ဘက် အပစ်ရပ်ကာလကို ၂လ တစ်ကြိမ် ဒါမှ မဟုတ်၎လ တစ်ကြိမ် သက်တမ်းတိုးမြှင့်ဖွယ်ရှိကြောင်းလည်း ပြောပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ AAရဲ့ ကိုယ်စားလှယ် ဗိုလ်မှုးကြီးကျော်ဟန်က
“ ဒီအချက်တွေကို နှစ်ဦးနှစ်ဘက်က မှန်မှန်ကန်ကန် အကောင် အထည်ဖော်ကြ မယ်ဆိုရင် စေတနာမှန်မှန်နဲ့ အကောင်အထည်ဖော်ကြမယ်ဆိုရင်တော့ တိုက်ပွဲတွေ က လျော့ကျဖို့ အလားအလာရှိတယ်။ ဒါပေမယ့် အဲဒါကို ဒီနေ့ ရရှိတဲ့ ဆွေးနွေးပွဲ ရလဒ်အရ အကောင်အထည်မဖော်ဘူးဆိုရင်တော့ အရင်အတိုင်းပဲ ရှိမှာပဲ။”
အဖြူရောင်နယ်မြေမှာ လက်နက်ကိုင်အဖွဲ့တွေ အခြေချတာနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးကျော်ဟန် က ရခိုင်ပြည်သူတွေကို ကာကွယ်ရေးအတွက် ရက္ခိုင်တပ်မတော်ကို ရခိုင်ပြည်မှာ တည်ရှိရေးဟာ သူတို့ အဖွဲ့ရည်မှန်းချက်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒီနေ့ ဆွေးနွေးတဲ့ အဖွဲ့ ၈ဖွဲ့မှာUWSA ၀၊ NDAA မိုင်းလားနဲ့ SSPP ရှမ်းနဲ့ KNPP ကရင်နီအဖွဲ့တွေက အစိုးရနဲ့ Bilateral နှစ်ဘက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပြီး KIO ကချင်၊ MNDAA ကိုးကန့်၊ PSLF/ TNLA တအန်း(ပလောင်)နဲ့ ULA/AA ရခိုင်အဖွဲ့တွေကတော့ Bilateral စာချုပ်ကို လက်မှတ် မရေး ထိုးရသေးသလိုအစိုးရတပ်မတော်နဲ့ တိုက်ခိုက်နေဆဲ အဖွဲ့တွေဖြစ်ပါတယ်။ သူတို့တွေဟာ Bilateral စာချုပ်ကို လက်မှတ်ရေးထိုးအတွက် အဓိက ဆွေးနွေးခဲ့ကြပါတယ်။