သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကယ်ရိုလိုင်းနားမှာ မြန်မာဒုက္ခသည်မိသားစု တိုက်ခိုက်ခံရ


အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် New Bern မြို့မှာရှိတဲ့ မြန်မာမိသားစုတခုအိမ်မှာ အင်္ဂါညက ဓားထိုးမှု ဖြစ်သွားတဲ့အတွက် သား ၃ ယောက် သေဆုံးပြီး၊ မိခင်ဖြစ်သူနဲ့ သမီးကြီးကတော့ ဆေးရုံတင်ထားရပါတယ်။

ဒီဓားထိုးမှုကို ကျူးလွန်ခဲ့တဲ့ လူငယ်ဟာ မူးယစ်ဆေးဝါး စွဲနေသူတဦးဖြစ်ပြီး၊ မိသားစုနဲ့ ရင်းနှီးတဲ့ အိမ်နီးနားခြင်း မိတ်ဆွေတွေဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဓားနဲ့ထိုးတဲ့သူဟာ အသက် ၁၈ နှစ်အရွယ် Eh Lar Doh Htoo ဖြစ်ပြီး၊ သူဟာ မူးယစ်ဆေးဝါး စွဲနေတာကြောင့် ဆရာဝန်နဲ့ ဆေးဖြတ်နေရာက သောက်နေတဲ့ ဆေးကုန်တဲ့အချိန် ဆေးကြောင်ပြီး ည ၁၁ နာရီလောက်မှာ အိမ်နီးနားခြင်း မိတ်ဆွေအိမ်ကို ဓားနဲ့ ဝင်ထိုးတာမှာ အသက် ၁ နှစ်၊ ၅ နှစ်နဲ့ ၁၂ အရွယ် ညီအကို ၃ ဦး သေဆုံးသွားပြီး၊ မိခင်ဖြစ်သူနဲ့ သမီးကြီးကတော့ ဓားဒဏ်ရာတွေနဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ မြို့ခံတဦးက ပြောပါတယ်။

“သူ့အိမ်နားမှာ မိသားစုတစုရှိတယ်၊ သူတို့က ကရင်နီမိသားစုပေါ့။ သူတို့က မိသားစု ၄ ယောက်ရှိတယ်။ အကြီးဆုံးကတော့ မိန်းကလေး။ အသက် ဘယ်နှစ်နှစ်လဲ ဆိုတာတော့ ကျမလည်း မသိဘူး။ ဒုတိယကတော့ ၁၂ နှစ် အဲ့ဒီကောင်လေး သေပြီးရင် ၅ နှစ်၊ ပြီးလို့ရှိရင် ၁ နှစ်သားရှိတယ်။ ဆေးပြတ်သွားတော့ သူ အိမ်ကနေ ထွက်သွားတယ်။ သူ့မျက်စိလုံးတွေ နီနေတယ်။ သူ ဓားနှစ်လက် ကိုင်ထားတယ်။ သူ့မောင်လေးက တွေ့တယ်။ သူ့မောင်လေးက တွေ့တော့ သူ့အကိုကို သူလိုက်ပြောတယ်။ ဒါပေမဲ့ သူ့အကိုကိုလည်း သူကြောက်တယ်။ သူ့အကိုရဲ့မျက်လုံးကလည်း နီနေတယ်ဆိုတော့ သူ ဘာမှလုပ်မရဲဘဲ အိမ်ထဲပြန်ဝင်ပြေးပြီးတော့ အဲ့ဒီကောင်လေးက သူ့တဝမ်းကွဲမကို ခေါ်တယ်။ အဲ့ဒီအချိန်မှာပဲ သူ့အကိုက တခြား ကရင်နီမိသားစုအိမ်ကို ရောက်သွားပြီးတော့ သူများတွေကို ဓားနဲ့ထိုးတယ်ပေါ့။ အဲ့ဒီမှာပဲ ကလေး ၂ ယောက်က သေသွားပြီ။ တယောက်ကတော့ ဆေးရုံကိုသွားရင်းနဲ့ သေသွားတယ်။ သူ့အမေနဲ့ သမီးနဲ့ကျတော့ ဝင်ကူနေတဲ့အချိန်မှာ သူတို့လည်း ဆေးရုံမှာပဲ ရှိနေတယ်။”

မေး။ ။ ဒဏ်ရာရသွားတယ်ပေါ့နော်။

ဖြေ။ ။ ဟုတ်ကဲ့ သူတို့ဒဏ်ရာရပြီးတော့ ဆေးရုံမှာ သူတို့ကို ပို့ထားတယ်။

မေး။ ။ အဲ့ဒီတော့ အခု ဓားနဲ့ထိုးတဲ့သူက အသတ်ခံရတဲ့ မိသားစုနဲ့ သူက ဘယ်လိုတော်သလဲခင်ဗျ။

ဖြေ။ ။ သူတို့က အိမ်နီးနားချင်းတွေ၊ အိမ်နီးနားချင်းဆိုပေမဲ့ မိသားစုတွေလိုပဲ သူတို့က နေကြတယ်။ သူတို့ပြောပုံအရဆိုရင်တော့ အဲ့ဒီကောင်လေးက သေသွားတဲ့ကလေးတွေကို သူချစ်တယ်။ ဒါပေမဲ့ သူလုပ်နေတဲ့အချိန်မှာ သူ့ကိုယ်သူ မသိဘူးလို့ ကျမထင်တာတော့ သူ့ကိုယ်သူ မေ့သွားတယ်လေ။ သူဆေးဖြတ်လိုက်တာလေ။ သူ့ကို ဆရာဝန်ပေးတဲ့ ဆေးတွေကလည်း မရှိတော့ဘူး အဲ့ဒါကြောင့်ပဲ။

မေး။ ။ အခု သူကတော့ ဘာဖြစ်သွားပြီလဲ။

ဖြေ။ ။ အခုကတော့ ပုလိပ်က သူ့ကို ဖမ်းသွားတယ်။ ပြီးတော့ ရဲတွေက investigation လုပ်တုန်းပဲ။ ဘာလို့လဲဆိုတော့ language barrier ကြောင့် ဒီနေ့ ၁၀ နာရီ ၃၀ မှာတော့ သူများ သူ့ကို ဒေသခံတရားရုံးမှာ သွားတွေ့ရမယ်။ ပုလိပ်ကတော့ သူ့ကို ပြန်မလွှတ်သေးဘူး။ ခေါ်ထားတုန်းပဲ။ investigation is still going on လေ။ စုံစမ်းစစ်ဆေးနေတုန်းပဲ။

ဆေးရုံတင်ထားရတဲ့ မိခင်ဖြစ်သူနဲ့ သမီးကြီးရဲ့ အခြေအနေကတော့ အစောပိုင်းမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပေမဲ့ အခုတော့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဒီအမှုကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ ရဲအရာရှိတွေ ပြောတာကို ကိုးကားပြီး ဒေသခံ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီဓားထိုးမှုဟာ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ကြတဲ့ မြန်မာဒုက္ခသည် မိသားစုတွေ အများအပြားရှိတဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် New Bern မြို့မှာ ဖြစ်သွားတာပါ။

ဓားထိုးမှုဖြစ်တဲ့အချိန် သေသွားတဲ့ ကလေးတွေရဲ့ ဖခင်ဟာ အလုပ်ထဲမှာ ရောက်နေတဲ့အတွက် အိမ်မှာ ရှိမနေဘူးလို့ ဆိုပါတယ်။ သူတို့မိသားစုဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထိုင်း-မြန်မာနယ်စပ်ကနေ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်း နေထိုင်တဲ့ ကရင်နီမိသားစုဖြစ်ပြီး ဓားနဲ့ထိုးတဲ့ လူငယ်ကတော့ ကရင်တိုင်းရင်းသားဖြစ်တယ်လို့ ဆိုပါတယ်။

Eh Lar Doh Htoo ကို ဒေသစံတော်ချိန် ကြာသပတေးနေ့မှာ ရုံးထုတ် စစ်ဆေးမှာဖြစ်ပါတယ်။ အခုချိန်မှာတော့ လုံခြုံရေး အခြေအနေကြောင့် Eh Lar Doh Htoo ရဲ့ မိဘတွေကို တခြား အသိတယောက်အိမ်မှာ ရဲက သွားနေခိုင်းထားတယ်လို့ သိရပါတယ်။

XS
SM
MD
LG