နျူကလီးယားနဲ့ ပဲထိန်းတပ်ဒုံးကျည်စမ်းသပ်မှုတွေကြောင့် မြောက်ကိုရီးယားအစိုးရအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ဆို့ဒဏ်ခတ်မှုသစ် တညီတညွတ်တည်း ထပ်မံချမှတ်လိုက်ပါတယ်။
အရင်တုန်းကလိုပဲ မြောက်ကိုရီးယားအစိုးရရဲ့ ရန်လိုတဲ့ ဆောင်ရွက်မှုတွေနဲ့ ကိုက်ညီတဲ့ နိုင်ငံတကာပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဆက် ချမှတ်မှာဖြစ်တယ်လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
ဒီနှစ်အတွင်း ချမှတ်ခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ်မှု ၃ ခုအပေါ် အခြေခံပြီး အခု အဆိုပြုချက်သစ်ကို ထပ်မံချမှတ်တာပါ။ ဒီ ပိတ်ဆို့ဒဏ်ခတ်မှုသစ် စတင် အသက်ဝင်ပြီဆိုရင်တော့ မြောက်ကိုရီးယားအနေနဲ့ ဓါတ်ဆီနဲ့ ဒီဇယ်လို လောင်စာဆီပေပါ ၅ သိန်း သာ တင်သွင်းသွားနိုင်မှာဖြစ်ပြီး ဒါဟာ ၂၀၁၆ ခုနှစ်ကတင်သွင်းနေတဲ့ လောင်စာဆီ ပေပါပမာဏ ၄.၅ သန်းထက် အများကြီး လျော့နည်းသွားတာပါ။
ဒါပေမယ့်လည်း လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်နဲ့ တချို့ကိစ္စတွေအတွက် ထပ်မံတင်သွင်းခွင့် ရရှိနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေစီက ပြန်ပို့နေတဲ့ ငွေပမာဏကိုလည်း ကန့်သတ်နိုင်မှာဖြစ်ပြီး သူတို့အနေနဲ့ ၂ နှစ်အတွင်း မြောက်ကိုရီးယားကို ပြန်ရမှာပါ။
ဒီလိုပြန်ပို့တဲ့ ငွေတွေကို တစိတ်တပိုင်း ဒါမှမဟုတ် အားလုံးကို မြောက်ကိုရီးယားအစိုးရက သိမ်းဆည်းပြီး နျူးကလီးယားလက်နက် စမ်းသပ်မှုလို တရားမဝင် အစီအစဉ်တွေအတွက် အသုံးပြုနေတာပါ။ တရုတ်နိုင်ငံမှာ မြောက်ကိုရီးယား နိုင်ငံသား ၅ သောင်းကနေ ၈ သောင်းအထိ အလုပ်လုပ်နေပြီး ရုရှားမှာ ၃ သောင်းလောက် ရှိနေကြောင်း အမေရိကန်က ခန့်မှန်းထားပါတယ်။ ကုလလုံခြုံရေးကောင်စီမှာ ၁၅ မဲနဲ့ ကန့်ကွက်သူမရှိဘဲ ဒဏ်ခတ်မှုသစ် ချမှတ်နိုင်တာဟာ ကမ္ဘာကြီးအနေနဲ့ လူသားတွေ သေဆုံးမှုထက် ငြိမ်းချမ်းရေးကိုသာ လိုချင်လို့ ဖြစ်တယ်ဆိုပြီး အမေရိကန်သမ္မတ Donald Trump ကလည်း တွီတာမှာ သောကြာနေ့က ရေးသားခဲ့ပါတယ်။