သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးလက်နက်တွေ အရှေ့ဘက် ကမ်းခြေ ပြောင်းရွှေ့နေရာယူ


မြောက်ကိုရီးယား စစ်အခြေစိုက်စခန်း
မြောက်ကိုရီးယား စစ်အခြေစိုက်စခန်း
မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ ဒုံးလက်နက်တွေကို တိုင်းပြည် အရှေ့ဖက်ခြမ်းကို ပြောင်းရွေ့ တပ်ဆင်ထားတယ်လို့ တောင်ကိုရီးယားနိုင်ငံက အတည်ပြု ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ဖို့ မြောက်ကိုရီးယားအာဏာပိုင်တွေက နောက်ဆုံး အတည်ပြုချက်ပြုပြီး နာရီပိုင်းအကြာမှာ အခုလို ဒုံးကျည်တွေကို ပြောင်းရွေ့ တပ်ဆင်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီဒုံးကျည်တွေဟာ အတန်အသင့် အကွာအဝေးကို ပစ်ခတ်နိုင်တဲ့ အနေအထား ရှိပေမယ့် အမေရိကန်ပြည်မကြီး ကိုတော့ ရောက်နိုင်မယ် မထင်ဘူး လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Kim Kwan-Jin က ဒီကနေ့ ပြောပါတယ်။ ဒုံးလက်နက်တွေကို ဘာကြောင့် ရွေ့တယ်ဆိုတာ မသိရပေမယ့် မြောက်ကိုရီးယားအနေနဲ့ စမ်းသပ်ပစ်လွတ်ဖို့၊ ဒါမှဟုတ်လည်း စစ်ရေးလေ့ကျင်မှုတခုအနေနဲ့ ပြုလုပ်တာဖြစ်နိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ပြည်မကြီးအထိ ရောက်အောင်ပစ်နိုင်တဲ့ ဒုံးကျည် ပိုင်ဆိုင်ထားခြင်းမရှိဘူးလို့ ယုံကြည်ထားကြပေမယ့်လည်း အမေရိကန်ကို နြူကလီးယားလက်နက်နဲ့ တိုက်ခိုက်မယ့် အစီအစဉ်ကို ကြာသပတေးနေ့ အစောပိုင်းမှာ မြောက်ကိုရီးယားက အတည်ပြုလိုက်ပါတယ်။

မြောက်ကိုရီးယားတို့ရဲ့ အခုလို ပြောဆို လုပ်ဆောင်မှုတွေအပေါ် အမေရိကန်တို့ အနေနဲ့ အလေးအနက်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က ပြောပါတယ်။ အမေရိကန်အနေနဲ့ အဆင့်မြင့် ဒုံးလက်နက် ကာကွယ်ရေးစံနစ်ကို ပစိဖိတ်ဒေသမှာရှိတဲ့ အမေရိကန်ပိုင် Guam ကျွန်းမှာ တပ်ဆင်သွားမယ်လို့ ဗုဒ္ဓဟူးနေ့မှာ Chuck Hagel က ပြောခဲ့ပါတယ်။ ကုလသမဂ္ဂက နောက်ဆုံး ချမှတ်လိုက်တဲ့ ပိတ်ဆို့ အရေးယူရေး ဆုံးဖြတ်ချက် အပေါ် မြောက်ကိုရီးယားဖက်က ဒေါသထွက်နေပြီး အမေရိကန်ကို လည်း နေ့စဉ်နီးပါး ခြိမ်းချောက် ပြောဆိုမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။
XS
SM
MD
LG