သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးလက်နက်ပစ်လွှတ်နိုင်ခြေရှိ


မြောက်ကိုရီးယား မစ်ဇိုင်းဒုံး။
မြောက်ကိုရီးယား မစ်ဇိုင်းဒုံး။
မြောက်ကိုရီးယားအစိုးရက မြို့တော်ပြုံယမ်းမှာရှိတဲ့ နိုင်ငံခြားသံရုံးတွေရဲ့ လုံခြုံရေးကို သိပ်မကြာခင်အချိန်မှာ အာမ မခံနိုင်တော့ဘူးလို့ သတိပေးလိုက်တဲ့အတွက်၊ မြောက်ကိုရီးယားနိုင်ငံဟာ နောက်ထပ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်တာ ဒါမှမဟုတ် ရန်စတာတွေ အခုသီတင်းပတ်အတွင်း လုပ်ကောင်းလုပ်လာနိုင်တယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းအမျိုးသားလုံခြုံရေး တာဝန်ရှိသူတဦးက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားအစိုးရက သံတမန်တွေကို ပြုံယမ်းကနေ ထွက်ခွာဖို့ပြောထားတဲ့ ဗုဒ္ဓဟူးနေ့ ပတ်ဝန်းကျင်လောက်မှာ ဒုံးကျည်စမ်းသပ်ပစ်လွှတ်တာ ဒါမှမဟုတ် ရန်စတာတွေလုပ်လာနိုင်တယ်လို့ သမ္မတ Park Geun-Hye ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးဆိုင်ရာ အကြီးအကဲ Kim Jang-Soo က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ အဓိကရည်မှန်းချက်က အမေရိကန်အစိုးရ နဲ့ တောင်ကိုရီးယားအစိုးရ တို့ဆီကနေ သံတမန်ရေးအရ အလျှော့ပေးဖို့အတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ မြောက်ကိုရီယားအစိုးရရဲ့ ခြိမ်းခြောက်မှုတွေဟာ ရန်စရုံသက်သက် ပြောတာဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ တောင်ကိုရီးယားအနေနဲ့ သူတို့ရဲ့ တပ်တွေကို အသင့်အနေအထားပြင်ထားတယ်လို့ ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာနေတဲ့အတွက် အမေရိကန်ပူးတွဲ စစ်ဦးစီးချုပ်ဥက္ကဋ္ဌနဲ့ ဝါရှင်တန်မှာ ပြုလုပ်မယ့် အစည်းအဝေးကို တောင်ကိုရီးယား ထိပ်တန်းစစ်ခေါင်းဆောင်ဘက်က တနင်္ဂနွေနေ့မှာ ရွှေ့ဆိုင်းလိုက်ပါတယ်။ အမေရိကန် ကြည်းတပ်ဗိုလ်ချုပ် Martin Dempsey ဟာ ဧပြီ ၁၆ ရက်နေ့မှာ တောင်ကိုရီးယားဗိုလ်ချုပ် Jung Seung-jo နဲ့ တွေ့ဖို့လုပ်ထားတာပါ။ ဒါပေမဲ့ ဗိုလ်ချုပ် Jung ခရီးသွားနေတဲ့အချိန်မှာ မြောက်ကိုရီးယားဘက်က ရန်စတိုက်ခိုက်တာတွေ လုပ်လာမှာကို တောင်ကိုရီးယားနိုင်ငံက စိုးရိမ်နေတယ်လို့ သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
XS
SM
MD
LG