မြောက်ကိုးရီးယားအပေါ် ကုလသမဂ္ဂက အရေးယူပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက်တာ သီတင်းနှစ်ပတ် မပြည့်သေးခင်မှာပဲ၊ မြောက်ကိုးရီးယား လွှတ်တော် သဘာပတိအဖွဲ့ရဲ့ ဥက္ကဋ္ဌ ကင်ယုံနမ်း (Kim Yong Nam) ဟာ ထိပ်တန်း စီးပွားရေး အကြံပေးအရာရှိကြီး နှစ်ဦးနဲ့အတူ စင်္ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံ တွေကို ခရီးထွက်ခွာလာခဲ့ပြီးတော့ မြောက်ကိုးရီးယားမှာ ပြည်ပရင်းနှီးမြှုပ်နံှမှုတွေကို ဖိတ်ခေါ်ဖို့ စတင် ကြိုးပမ်းနေပုံရတယ်လိူ့ မေလ ၁၂ ရက် AP သတင်း မှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက မြောက်ကိုးရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီး ကွယ်လွန်ပြီးတဲ့နောက် ကင်ယုံနမ်းဟာ သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မနေ့က သောကြာနေ့မှာ စင်္ကာပူကို ရောက်ရှိလာခဲ့ပြီးတော့ မနက်ဖြန် တနင်္ဂနွေနေ့မှာ အင်ဒိုနီးရှားနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။ ကင်ယုံနမ်းဟာ မြောက်ကိုရီးယား ခေါင်းဆောင်တွေကိုယ်စား ပြည်ပကို ခရီးထွက်လေ့ရှိသူ ဖြစ်ပါတယ်။
မြောက်ကိုးရီးယားကို Heineken ဘီယာကနေ Hello Kitty လို မိန်းကလေး အသုံးအဆောင်ပစ္စည်းတွေကို စင်္ကာပူလုပ်ငန်းရှင်တွေက တင်သွင်းနေတာဖြစ်သလို ဟမ်ဘာဂါ၊ အမေရိကန်ကြက်ကြော်နဲ့ ဘယ်(လ်) ဂျီယံဝေဖါလို အနောက်တိုင်း အစားအစာတွေကိုလည်း မြောက်ကိုးရီးယားတွေကို စတင် မိတ်ဆက်ပေးနေပါတယ်။ မြောက်ကိုးရီးယားရဲ့ ထွက်ကုန်တွေတင် ပို့ရောင်းချရေးနဲ့ နိုင်ငံခြားက သယံဇာတတွေ မြောက်ကိုးရီးယားကို တင်သွင်းနိုင်ရေးအတွက် အရှေ့ တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ စင်္ကာပူနဲ့ အင်ဒိုနီးရှားတို့ရဲ့ အကူအညီကို မြောက်ကိုးကိုးရီးယားက လိုအပ်နေပုံရပါတယ်။
တာဝေးပစ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခြင်း မလုပ်ရဆိုတဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို မြောက်ကိုးရီးယားက ဖောက်ဖျက်ပြီး ပြီးခဲ့တဲ့ ဧပြီလက မိုးလေဝသ လေ့လာရေး ဂြိုလ်တုလွှတ်တင်မှု အကြောင်းပြပြီး မြောက်ကိုးရီးယားက မအောင်မြင်တဲ့ ဒုံးပျံ ပစ်လွှတ်ခဲ့တာကြောင့် မြောက်ကိုးရီးယားအပေါ် ကုလသမဂ္ဂက အရေးယူပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ခဲ့တာပါ။ ဒီဒုံးပျံပစ်လွှတ်ခဲ့မှုကြောင့် အမေရိကန်ပြည်ထောင်စု ကလည်း မြောက်ကိုးရီးယားကို စားနပ်ရိက္ခာ တန်ပေါင်းများစွာ ပေးပို့မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။