မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ် (Kim Jong Il) က သူ့ရဲ့ အငယ်ဆုံးသားနဲ့ အမကို ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးအဆင့်ကို ရာထူးတက်ပေးလိုက်ပါတယ်။ ကွန်မြူနစ်မိသားစု နန်းဆက်ကို တတိယမျိုးဆက်အဖြစ် ချဲ့ဖို့ ကြိုးစားချက်တရပ် ဖြစ်တယ်လို့ အခုလို ရာထူးတိုးပေးလိုက်တာနဲ့ ပတ်သက်ပြီး ရှုမြင်ကြပါတယ်။
အာဏာရ အလုပ်သမားပါတီက နှစ် ၃၀ အတွင်း အကြီးဆုံး ညီလာခံကြီးကို ကျင်းပနေချိန်မှာ အခုလို ခန့်ထားချက်တွေကို အင်္ဂါနေ့က ကြေညာခဲ့တာပါ။ မစ္စတာ ကင်ဂျုံအီးလ်ကို အထွေထွေ အတွင်းရေးမှူးအဖြစ် ထပ်မံ တင်မြှောက်ခဲ့ရာမှာ တက်ရောက်သူတွေက မတ်တပ်ရပ်ပြီး တညီတညာတည်း လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြတယ်လို့ နိုင်ငံတော်ပိုင် မီဒီယာက ကြေညာပါတယ်။
စစ်ရာထူး တိုးပေးလိုက်တဲ့ ကြေညာချက်ဟာ မစ္စတာ ကင်ဂျုံအီးလ်ရဲ့ သား ကင်ဂျုံအန်း (Kim Jong Un) ကို နိုင်ငံတော်ပိုင် မီဒီယာတွေမှာ ပထမဆုံးအကြိမ် ဖော်ပြတာ ဖြစ်ပါတယ်။ ဒီကြေညာချက်ဟာ အသက် ၂၇ နှစ် အရွယ်လောက် ရှိပြီဖြစ်တဲ့ မစ္စတာ ကင်ဂျုံအန်းဟာ သူ့အဖေရဲ့ အရိုက်အရာကို ဆက်ခံဖို့ သတ်မှတ်လိုက်တာ သေချာတဲ့ လက္ခဏာတရပ် ဖြစ်တယ်လို့ ပိုင်းခြား သုံးသပ်သူတွေက ပြောကြပါတယ်။
ကင်ဂျုံအန်းကို နိုင်ငံရေးရာထူး တာဝန်ပေး၊ မပေးကိုတော့ နိုင်ငံတော်ပိုင် မီဒီယာတွေက မပြောကြပါဘူး။