မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် (Kim Jong Il) အရိုက်အရာကို ဆက်ခံမယ့် သားငယ် ကင်ဂျုံအန်း (Kim Jong Un) ရဲ့ ဓာတ်ပုံကို မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ သူရဲ့ဓာတ်ပုံကို မြောက်ကိုရီးယား အစိုးရပိုင် သတင်းစာမှာ ဖော်ပြလိုက်တာပါ။
အနက်ရောင်ဆံပင်နဲ့ အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားတဲ့သူဟာ ကင်ဂျုံအန်း ဖြစ်တယ်ဆိုတာ တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ် (Yonhap) ကလည်း အတည်ပြု ပြောဆိုပါတယ်။ အဲဒီဓာတ်ပုံကတော့ သူ့အဖေ ကင်ဂျုံအီးလ် အပါအ၀င် လက်ရှိ အာဏာရ အလုပ်သမားပါတီ ခေါင်းဆောင်တွေနဲ့အတူ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့သူဟာ ကင်ဂျုံအန်း ဖြစ်တယ်လို့ ဆိုပါတယ်။
အခုသီတင်းပတ်အတွင်း ကျင်းပနေတဲ့ အလုပ်သမားပါတီ ညီလာခံမှာ အလုပ်သမားပါတီ ဗဟိုကော်မတီဝင် အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ကင်ဂျုံအန်းရဲ့ပုံကို ဖော်ပြတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
တိုင်းပြည်ခေါင်းဆောင် အရိုက်အရာကို ဆက်ခံနိုင်ဖို့အတွက် သူ့ကို သြဇာကြီးတဲ့ အလုပ်သမားပါတီ စစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ ရာထူးနဲ့ ကြယ်လေးပွင့် ဗိုလ်ချုပ်အဖြစ် ရွေးချယ် တင်မြှောက်လိုက်ပါတယ်။