သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၉၈၅ခု မြန်မာတဦး ဂျပန်မှာသေဆုံးမှု မြောက်ကိုရီးယား ပယောဂ ပါနိုင်


၁၉၈၃ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့က အာဇာနည်ဗိမာန် ဗုံးခွဲတိုက်ခိုက်ခံရစဉ်
၁၉၈၃ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့က အာဇာနည်ဗိမာန် ဗုံးခွဲတိုက်ခိုက်ခံရစဉ်

မြောက်ကိုရီးယားသူလျှိုတွေကို ပြစ်ဒဏ်စီရင်ခဲ့တဲ့ မြန်မာတရားသူကြီးတဦးရဲ့ သမီး ဂျပန်နိုင်ငံမှာ ၁၉၈၅ခုနှစ်က ရုတ်တရက် သေဆုံးမှုမှာ မြောက်ကိုရီးယားက ပတ်သက်နေတယ်လို့ တောင်ကိုးရီးယားနိုင်ငံခြားရေးဌာနက အင်္ဂါနေ့က အများပြည်သူသိအောင်ထုတ်ပြန်တဲ့ လျှိုဝှက်စာတမ်းမှာ ဖေါ်ပြထားပါတယ်။

၁၉၈၃ခုနှစ်က မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်လာရောက်ခဲ့တဲ့ တောင်ကိုးရီးယားသမ္မတ Chun Doo-hwan နဲ့ အစိုးရအဖွဲ့ကို အာဇာနည်ဗိမာန်မှာ ဗုံးဖောက်ခွဲလုပ်ကြံမှုကြောင့် အရှင်ဖမ်းဆီးရမိခဲ့တဲ့ မြောက်ကိုးရီးယားသူလျှိုနှစ်ဦးဟာ မြန်မာနိုင်ငံမှာ သေဒဏ်နဲ့ ထောင်ဒဏ် တသက် အပြစ်ပေးခံခဲ့ရတာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်ပြီးတင်ပြမှာပါ။

တောင်ကိုရီးယားနိုင်ငံခြားရေးဌာနကနေ ဧပြီလ (၁၁)ရက်နေ့က အများပြည်သူသိအောင် ထုတ်ပြန်တဲ့ လျှို့ဝှက်သတင်းစာမျက်နှာပေါင်း ၂၃၀,၀၀၀ ထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တမျက်နှာပါဝင်ခဲ့ပါတယ်။

အဲဒါကတော့ ၁၉၈၃ခုနှစ် အောက်တိုဘာလ (၉)ရက် အာဇာနည်ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး အရှင်ဖမ်းဆီးရမိတဲ့မြောက်ကိုရီးယားသူလျှို ဗိုလ်မှုး Zin Mo နဲ့ ဗိုလ်ကြီး Kang Min Chul တို့နှစ်ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်တသက် အမိန့်ချမှတ်ခဲ့တဲ့ တရားသူကြီး ၃ ဦးထဲက တရားသူကြီး ဦးခင်ဇာမုန်ရဲ့ သမီးဟာ ၁၉၈၅ ခုနှစ်က ဂျပန်နိုင်ငံကို ပညာတော်သွားစဉ်မှာ ရုတ်တရက်သေဆုံးခဲ့တာဖြစ်ပါတယ်။ ဦးနေဝင်း မဆလ အစိုးရလက်ထက် ချင်းလူမျိုး တရားသူကြီး ဗိုလ်မှူးဟောင်း ဦးခင်ဇာမုန်နဲ့ ပတ်သက်လို့ နီးစပ်သူတဦးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ ဒေါက်တာ Rodinga က အခုလိုပြောပြပါတယ်။

“ဗိုလ်မှူးကြီး ခင်ဇာမုန်က လွတ်လပ်ရေးရစမှာ ဖွဲ့စည်းတဲ့ ချင်းတပ်ရင်း (၁) (၂) (၃) ထဲမှာ အတွင်းရေးမှူး၊ ကွပ်ကဲရေးမှူး၊ ချင်းထဲမှာတော့ ပထမဆုံးနီးပါးလောက် ဗိုလ်မှူးကြီး ဖြစ်လာတာပေါ့။ နောက်ဦးနေဝင်းလက်ထက်မှာ နိုင်ငံတော်ကောင်စီဝင်မှာ ဗိုလ်မှူးကြီး ဗန်ကွတ်နဲ့ ဗိုလ်မှူးကြီး ခင်ဇာမုန်တို့ပါတယ်။ နောက်ပိုင်း နိုင်ငံတော် တရားသူကြီးအဖွဲ့ဝင်ထဲမှာ ပါလာတယ်။ အဲဒီလို နိုင်ငံတော် တရားသူကြီးအဖွဲ့ဝင်ဖြစ်တဲ့ အချိန်မှာ အာဇာနည်ဗိမာန် ဗုံးကွဲတဲ့ကိစ္စ၊ မြောက်ကိုရီးယား အေဂျင့် သုံးယောက်က ဗုံးခွဲတယ်ပေါ့နော်။ ၁၉၈၃ခုနှစ်မှာ ဖြစ်တာပေါ့။ မြောက်ကိုရီးယားဗုံးခွဲတဲ့သူတွေကို နိုင်ငံတော်အဆင့် တရားစီရင်တဲ့အခါမှာ တရားသူကြီး ဦးခင်ဇာမုန်လည်းပါဝင်ခဲ့တယ်လို့ ကျနော် မှတ်မိပါတယ်။

မေး။ ။ သူ့သမီးက ဂျပန်မှာ ၁၉၈၅ခုနှစ်က သေဆုံးခဲ့တဲ့အမှုမှာ မြောက်ကိုရီးယားဘက်က ပြန်ပြီးလက်စားချေတဲ့လက်ချက်ဖြစ်တယ်လို့ တောင်ကိုရီးယားဘက်က ယူဆတယ်။ သူတို့ အထောက်အထားတွေ တွေ့ရတယ်ဆိုပြီး တောင်ကိုရီးယားအစိုးရဘက်က မနေ့က အများပြည်သူ သိအောင် ထုတ်ပြန်တဲ့ လျှို့ဝှက်မှတ်တမ်းမှာ ပါလာတဲ့အတွက် သူ့သမီး ဂျပန်ကို ပညာတော်သင်သွားတဲ့အချိန်မှာ သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ဘယ်လို သိခဲ့လဲရှင့်။

ဖြေ။ ။ ကျနော်အထောက်အထား အတိအကျတော့ မသိဘူး။ ဗိုလ်မှူးကြီး ခင်ဇာမုန်ရဲ့ သမီးက စာတော်တယ်။ တက္ကသိုလ်မှာ လက်ထောက်ကထိကလား မသိဘူး။ သူရဲ့ အမျိုးသားက ဗမာ။ မြန်မာ့ရုပ်မြင်သံကြားမှာ ညွန်ကြားရေးမှူးအဆင့်ရောက်တယ်ထင်တယ်။ ဂျပန်ကိုသွားပြီးတော့ တိုကျိုမှာ ပညာတော်သင်သွားတဲ့အခါမှာ ဗိုလ်မှူးကြီးခင်ဇာမုန်က မြောက်ကိုရီးယားအေဂျင့်တွေကို သေဒဏ်ပေးတယ်ဆိုတဲ့ ဟာနဲ့ မြောက်ကိုရီးယားထောက်လှမ်းရေးတွေက သူ့သမီး ဂျပန်ရောက်တဲ့နေရာကို ခြေရာခံပြီးတော့ ရေချိုးခန်းမှာ သတ်ဖြတ်သွားတယ်လို့ ကျနော်တို့ သိခဲ့ရတယ်။ အဲဒီခေတ်တွေက ၁၉၈၀ ကျော်တွေက မဆလ ဦးနေဝင်းလက်ထက်ဆိုတော့ သတင်းကို အမှောင်ချထားတယ်။ သတင်းကိုလွတ်လွတ်လပ်လပ် ဖွင့်မချတဲ့အခါမှာ ဘေးအပြင်ကနေ ကြားရတာပေါ့။

တောင်ကိုရီးယားနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ၁၉၈၆ခုနှစ်မှတ်တမ်းအရ အဲဒီအချိန်က ဂျီနီဗာဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး Lee Sang-ok ကနေ မြန်မာသံအမတ်ကြီး ဦးသိန်းထွန်းနဲ့ တွေ့ဆုံစဉ်မှာတရားသူကြီး ဦးခင်ဇာမုန်ရဲ့ သမီး ဂျပန်နိုင်ငံမှာ သေဆုံးခဲ့တာနဲ့ပတ်သက်လို့ သံသယဖြစ်စရာတွေရှိနေတဲ့အတွက် အရေးယူဆောင်ရွက်ဖို့ ပြောဆိုခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

စုံစမ်းစစ်ဆေးသူတွေဟာ သေဆုံးသူအမျိုးသမီးအလောင်းရှိတဲ့နေရာမှာ မြောက်ကိုရီးယားစီးကရက်အတိုအစတွေကို တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယားသံအမတ်ကြီးက မြန်မာသံအမတ်ကြီးကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် သေကြောင်းကြံစည်ရလောက်အောင် အထောက်အထား မတွေ့ရဘူးလို့လဲ တောင်ကိုရီးယားသံအမတ်ကြီးက ပြောဆိုခဲ့ကြောင်းဖေါ်ပြထားပါတယ်။ မြောက်ကိုးရီးယားတလျှိုတွေအပေါ် ဖခင်ဖြစ်သူရဲ့ စီရင်ချက်ကြောင့် မြောက်ကိုရီးယားက ပြန်ပြီးလက်စားချေတာဖြစ်နိုင်တယ်လို့ ယူဆကြောင်း တောင်ကိုးရီးယား အစိုးရရဲ့ ထုတ်ပြန်ချက်မှတ်တမ်းက ဆိုပါတယ်။

တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံလုံးနဲ့ ဆက်ဆံရေးရှိခဲ့တဲ့ သမ္မတ ဦးစန်းယု ဆိုရှယ်လစ်အစိုးရ လက်ထက် ချစ်ကြည်ရေးခရီး အဖြစ်ရောက်ရှိလာတဲ့ တောင်ကိုရီးယားသမ္မတ Chun Doo-hwan ကို မြောက်ကိုရီးယားသူလျှိုသုံးဦးက အာဇာနည်ဗိမာန်မှာ ဗုံးဖောက်ခွဲလုပ်ကြံရာမှာ Chaun Doo-hwan ဟာ လမ်းမှာ ကြန့်ကြာနေချိန် အသက်မသေခဲ့ပေမယ့် တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်ဝန်ကြီး လေးဦးအပါအဝင် အရာရှိတွေနဲ့ မြန်မာနိုင်ငံသား လေးဦး စုစုပေါင်း (၂၁)ဦး သေဆုံးခဲ့ပြီး သမ္မတနဲ့ အတူလိုက်ပါလာသူ ၁၄ ဦး အပါအဝင် စုစုပေါင်း (၄၆) ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီဗုံးခွဲလုပ်ကြံမှု နောက်ပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံနဲ့ သံတမန်ရေးအဆက်အသွယ်ကို မြန်မာအစိုးရက ဖြတ်တောက်ခဲ့ပါတယ်။

မြောက်ကိုရီးယားသူလျှို သုံးဦးထဲက Sin Kae Chol ကို ကော့မှူးမြို့နယ် သခွပ်ပင်ကျေးရွာမှာ ရဲနဲ့ စစ်တပ်က အသေဖမ်းဆီးခဲ့ပါတယ်။ ဗိုလ်မှူး Zin Mo ကိုတော့ သေဒဏ်အမိန့်ချမှတ်ခဲ့ပါတယ်။ နောက်တဦးဖြစ်တဲ့ Kang Min Chul ကတော့ တရားရုံးမှာ ဖြောင့်ချက်ပေးတဲ့ အတွက် ထောင်ဒဏ်တသက် အပြစ်ပေးခဲ့ပြီး အင်းစိန်ထောင်မှာ နှစ်အကြာဆုံး အကျဉ်းသားတဦးအဖြစ် ၂၀၀၈ခုနှစ် မေလ (၁၈)ရက်နေ့မှာ အသည်းကင်ဆာနဲ့ ကွယ်လွန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG