သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယား နည်းပညာ မြန်မာပြည်ပို့


မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယား နည်းပညာနဲ့ ဒုံးလက်နက် နည်းပညာတွေကို ကြားခံ ကုမ္ပဏီတွေကို အသုံးချပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတချို့ကို တင်ပို့ပေးနေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ မြောက်ကိုရီးယား အစိုးရအပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို မြောက်ကိုရီးယားက လိုက်နာမှုရှိမရှိ စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့ဝင် ၇ ယောက်ပါ ကျွမ်းကျင်သူ အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ခုလို ဖော်ပြထားတာဖြစ်ပါတယ်။

တရားဝင်ဖြစ်အောင် ဟန်ပြလုပ်ထားတဲ့ ကုမ္ပဏီတွေ၊ နိုင်ငံခြားက ရာဇဝတ်မှု ကွန်ယက်တွေကို အသုံးချပြီး မြောက်ကိုရီးယားက မြန်မာ၊ အီရန်နဲ့ ဆီးရီးယားနိုင်ငံတွေဆီကို နျူကလီးယားနဲ့ ထိပ်ဖူးတပ် ဒုံးကျည်ထုတ်လုပ်မှု နည်းပညာ အကူအညီတွေကို ပေးနေတယ်လို့ ဗြိတိန်၊ အမေရိကန်၊ ဂျပန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက ကျွမ်းကျင်သူတွေ လေ့လာထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား အစိုးရအပေါ် ပိတ်ဆို့ အရေးယူထားတဲ့ ကုလသမဂ္ဂရဲ့ နျူကလီးယား လက်နက်တင်ပို့မှု၊ တင်သွင်းမှု ဒဏ်ခတ်မှုတွေကို မြောက်ကိုရီးယားက ချိုးဖောက်တာတွေ ရှိတယ်လို့လည်း ပြောပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ မနေ့ ကြာသပတေးနေ့က လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကြား တံခါးပိတ် ဆွေးနွေးခဲ့ ကြပါတယ်။ အခုလို စုံစမ်းတွေ့ရှိမှုတွေအတွက် နောက်ထပ် အရေးပေါ် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ကိုလည်း ကျွမ်းကျင်သူတွေက တောင်းဆိုပါတယ်။ မြန်မာနိုင်ငံဟာ နျူကလီးယား နည်းပညာကို မြောက်ကိုရီးယား ဆီက ရယူဖို့ စိတ်ဝင်စားနေခဲ့တယ်ဆိုတာ ကိုတော့ အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေး ဌာနတွေက ဟိုးအရင်ကတည်းက သံသယရှိနေကြတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့နျူကလီးယား အစီအစဉ်နဲ့ စစ်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ တရားမဝင် ပတ်သက်နေတဲ့ ကုမ္ပဏီတခု ကတဆင့် သံလိုက်စက်ကွင်းတွေကို တိုင်းတာတဲ့ မက်ဂနက်တိုမီတာ (magnetometer) တခုကို မလေးရှားကနေ မြန်မာနိုင်ငံကို တရားမဝင် ခိုးသယ်သွားဖို့လုပ်သူ ၃ ယောက်ကို ဂျပန်က ၂၀၀၉ ခုနှစ်မှာ ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် မြန်မာနိုင်ငံက သံသယရှိစရာ ဆောင်ရွက်မှုတွေကို စောင့်ကြည့်နေသလို၊ ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုထဲမှာ အကြုံးဝင်နေတဲ့ Namchongang Trading ရဲ့ လုပ်ငန်းတွေကို စောင့်ကြည့်နေတယ်လို့ အဖွဲ့ဝင် ၇ ယောက်ပါ ကုလသမဂ္ဂကျွမ်းကျင်သူ အဖွဲ့က ပြောတာကိုလည်း အေပီ သတင်းထဲမှာ ရေးထားပါတယ်။

XS
SM
MD
LG