သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအရေး ဝါရှင်တန်မှာဆွေးနွေးမည်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

မြောက်ကိုရီးယားရဲ့ နျူကလီးယားဆိုင်ရာ ခြိမ်းခြောက်မှု ပိုတိုးလာနေတဲ့ကိစ္စ ဆွေးနွေးဖို့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေ မနက်ဖြန် ကြာသပတေးနေ့ ဝါရှင်တန်မြို့တော်မှာ တွေ့ကြတဲ့အခါ ဆွေးနွေးချက်အများစုဟာ တရုတ်နိုင်ငံနဲ့ ပတ်သက်တာဖြစ်ပါလိမ့်မယ်။

ဒီသီတင်းပတ် ဝါရှင်တန်မြို့တော်မှာကျင်းပမယ့် နျူကလီးယားလုံခြုံရေးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲပြင်ပမှာ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye တို့ တွေ့ဆုံဆွေးနွေးမှာပါ။

ပြီးခဲ့တဲ့ဇန်နဝါရီလမှာ မြောက်ကိုရီးယားက လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုလုပ်တဲ့အတွက် ကုလသမဂ္ဂက ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ချမှတ်ခဲ့ပြီးကတည်းကဆိုရင် အခု သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေးဟာ ပထမဆုံးဖြစ်ပါမယ်။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်ဆိုင်ရာ အစီအစဉ်ကို စွန့်လွှတ်ဖို့ရာ ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်တဲ့နည်းလမ်းကိုပဲ လုပ်သွားကြဖို့ အမေရိကန်နဲ့ အာရှမဟာမိတ်တွေ အခိုင်အမာပြောထားကြတာပါ။ ဒါပေမဲ့လည်း တရုတ် နိုင်ငံရဲ့ အခိုင်အမာပါဝင်မှုနဲ့ပတ်သက်ပြီး မေးခွန်းတွေကရှိနေပါတယ်။

တရုတ်နဲ့ မြောက်ကိုရီးယားအကြား စီးပွားရေးအရ သူမတူတဲ့ ဆက်ဆံရေးရှိတဲ့အကြောင်း၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်က ဒီ ကိစ္စကို အထူးဦးစားပေး ထည့်သွင်းထားကြောင်း၊ မြောက်ကိုရီးယားအရေး တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်ရှိသွားဖို့ မျှော် လင့်တဲ့အကြောင်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Anthony Blinken က အင်္ဂါနေ့မှာပြောပါတယ်။

ကုလသမဂ္ဂ ဒဏ်ခတ် အရေးယူမှုအသစ်တွေ ချမှတ်ဖို့မှာ အမေရိကန်က တရုတ်နဲ့ အနီးကပ် လက်တွဲလုပ်ခဲ့တာပါ။ မြောက်ကိုရီးယားကုန်သွယ်မှု ၉၀% ဟာ တရုတ်နိုင်ငံကိုသွားတာ ဒါမှမဟုတ် တရုတ်ကိုဖြတ်သွားတာကြောင့် ဒီနိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုတွေကို တရုတ်က လိုက်နာ အကောင်အထည်ဖော်ဖို့ကို အထူးအရေးကြီးတဲ့အချက်အဖြစ် မြင်ကြပါတယ်။

XS
SM
MD
LG