သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယားခေါင်းဆောင် တရုတ်ခရီးစဉ် ကန်သတိထားကြိုဆို


 တရုတ်နိုင်ငံကို ရောက်ရှိလာတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ကို တရုတ်သမ္မတ Xi Jinping ကြိုဆိုနေစဉ်
တရုတ်နိုင်ငံကို ရောက်ရှိလာတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ကို တရုတ်သမ္မတ Xi Jinping ကြိုဆိုနေစဉ်

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ဟာ ၂၀၁၁ ခုနှစ် သူအာဏာရလာခဲ့ပြီးတဲ့နောက် ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို မတ်လ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ သွားရောက်ခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ဟာ ၂၀၁၁ ခုနှစ် သူအာဏာရလာခဲ့ပြီးတဲ့နောက် ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို မတ်လ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ သွားရောက်ခဲ့ပါတယ်။ အခုလို မြောက်ကိုရီးယားး ခေါင်းဆောင်ရဲ့ မမျှော်လင့်ပဲ သွားရောက်တဲ့ တရုတ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာရဲ့ တုန့်ပြန်ချက်တွေအမျိုးမျိုး ထွက်ပေါ်နေတဲ့ထဲက အမေရိကန်ပြည်ထောင်စု ကတော့ သတိနဲ့ကြိုဆိုခဲ့တာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ရဲ့ တရုတ်နိုင်ငံ ၃ ရက်ကြာ ခရီးစဉ်ဟာ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပြီး ဒါဟာ မြောက်ကိုရီးယား - တရုတ် ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်မှုရဲ့ သမိုင်းမှတ်တိုင်တခုဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရရဲ့ KCNA သတင်းမှာ ဖေါ်ပြထားပါတယ်။ Kim ဟာ တရုတ်သမ္မတ Xi Jinping ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်ခဲ့တာဖြစ်ပြီး သူပြန်မယ့်နေ့ တရုတ်အစိုးရ ဆင်ဟွာသတင်းက ဖေါ်ပြတော့မှ ဒီခရီးစဉ်ကို သိခဲ့ကြတာဖြစ်ပါတယ်။

အစဉ်အလာအားဖြင့် ဆက်ဆံရေး အတော်နီးကပ်ကြတဲ့ မြောက်ကိုရီးယားနဲ့ တရုတ်တို့ကြားမှာ မြောက်ကိုရီးယားရဲ့ နျူကလီယား လက်နက်ထုတ်လုပ်မှုတွေကြောင့် ၂ နိုင်ငံဆက်ဆံရေး တင်းမာနေရာကနေ အခုလို မြောက်ကိုရီးယား ခေါင်းဆောင် တရုတ်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ ဒုံးလက်နက်ထုတ်လုပ်မှုတွေနဲ့ ပတ်သက်ပြီးဒေသတွင်းသာမက နိုင်ငံတကာကိုပါ ခြိမ်းခြောက်မှုတွေ ဖြစ်လာစေတယ်ဆိုပြီး အမေရိကန်နဲ့တကွ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကပါ အရေးယူဒဏ်ခတ်မှုတွေနဲ့ ဖိအားတွေပေးလာခဲ့တဲ့နောက် ဖြစ်ပေါ်လာတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ဒီခရီးစဉ်ကို အမေရိကန်က သတိထား ကြိုဆိုလိုက်သလို၊ ဒါဟာ ဖိအားပေးမှှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်တယ်လို့ သမ္မတအိမ်ဖြုပြောခွင့်ရ Sarah Sanders က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

" အမေရိကန်ပြည်ထောင်စုအနေနဲ့ သတိထားပြီး အပြုသဘောဆောင်မျှော်လင့်ပါတယ်။ အခြေအနေက လမ်းမှန်ရောက်နေပြီလို့ ယူဆသလို မနေ့က တွေ့ဆုံမှုဟာ အပြင်းထန်ဆုံး ဖိအားပေးမှုတွေက ထိရောက်မှုရှိတယ်ဆိုတာကို ပြသရာရောက်ပါတယ်။ Kim ဟာ မြောက်ကိုရီးယား ခေါင်းဆောင်ဖြစ်လာပြီးတဲ့နောက်ပိုင်း သူ့အနေနဲ့ဒါဟာ နိုင်ငံကနေ ပထမဦးဆုံး အကြိမ်ထွက်ခဲ့တာဖြစ်ပြီး ဒါဟာ အပြုသဘောဆောင်တဲ့ လက္ခဏာဖြစ်တယ်လို့ ယူဆပါတယ်။ ဖိအားဝိုင်းပေးခြင်းဟာ ထိရောက်မှုရှိတယ်ဆိုတာကို ပြသရာရောက်သလို ဒီအတိုင်းပဲ ဆက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မကြာမီ တွေ့ဆုံပွဲကျင်းပနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။"

ဒါ့အပြင် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ကြား မေလထဲမှာ တွေ့ဆုံဖို့ စီစဉ်ထားတာ ဖြစ်မြောက်ရေး အတွက်လည်း အမေရိကန်ဘက်က ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

"ဒီတွေ့ဆုံမှုဟာ အရေးကြီးတယ်လို့ ကျမတို့ ယူဆသလို အမြန်ဆုံးကျင်းပနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ တချိန်တည်းမှာပဲ စီစဉ်ရာမှာ ပီပီပြင်ပြင်ရှိဖို့လည်း လိုအပ်တဲ့အတွက် ကျမတို့ ဒီလိုဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ အရင်က ပြောခဲ့ပြီးဖြစ်တဲ့အတိုင်း မြောက်ကိုရီးယားဘက်က တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တာကို အမေရိကန်ဘက်က လက်ခံတာဖြစ်ပါတယ်။ ဒါကို ဆက်အကောင်အထည်ဖေါ်သွားမှာဖြစ်ပါတယ်။"

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တရုတ်နိုင်ငံမှာ ရောက်နေစဉ်မှာပဲ သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ တရုတ်သမ္မတ Xi က အမေရိကန်သမ္မတ Trump ကို အကြမ်းဖျဥ်း ရှင်းပြခဲ့သလို ဒါဟာ မြောက်ကိုရီးယားနဲ့ ဆွေးနွေးရေးအတွက် သင့်တော်တဲ့အခြေနေ ဖန်တီးစေတဲ့ အမေရိကန်ရဲ့ အပြင်းထန်ဆုံးဖိအားပေးမှုရဲ့ ရလဒ်အဖြစ် သမ္မတအိမ်ဖြူက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတ Trump ကလည်း Xi က Kim နဲ့ ဆွေးနွေးမှု အဆင်ပြေကြောင်း ပြောတယ်လို့ သူ့တွစ်တာမှာ ရေးပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ် အဆင်ပြေတယ်ဆိုတာ သိရပြီးတဲ့ နောက်မှာ Kim Jong Un နဲ့ တွေ့ဆုံလိုတဲ့ ဆန္ဒရှိကြောင်း လည်း တွစ်တာမှာ ရေးပါတယ်။ ဒါပေမယ့် မေလမှာ ကျင်းပဖို့ အဆိုပြုထားတဲ့ ဆွေးနွေးမှုတွေ မတိုင်ခင်မှာတော့ အပြင်းထန်ဆုံး အရေးယူမှုတွေနဲ့ ဖိအားတွေ ပေးမယ်လို့ ပြောကြားခဲ့သလို ကိုရီးယားး ကျွန်းဆွယ်ဒေသဟာ အခုတော့ နျူကလီယား ကင်းစင်တဲ့ ဒေသဖြစ်လာနိုင်ပြီလို့ သူ့တွစ်တာမှာ ရေးသားခဲ့တာပါ။

အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ကြား မေလမှာ အဆိုပြုထားတဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ တရုတ်သမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ သဘောတူခဲ့ကြကြောင်းလည်း တရုတ်နိုင်ငံခြားရေးဌာနက သတင်းစာရှင်းလင်းပွဲမှာ စကားပြန်နဲ့ တဆင့်ပြောကြားခဲ့ပါတယ်။

"၂ နိုင်ငံခေါင်းဆောင်တို့အနေနဲ့ အဆင့်မြင့်ခရီးစဉ်တွေဟာ ၂ ဘက်တို့ကြား အရေးကြီးတဲ့ အစဉ်အလာတရပ် အဖြစ်ရှုမြင်ခဲ့တာဖြစ်ပြီး၊ သမ္မတ Xi နဲ့ ဥက္ကဌ Kim Jong Un တို့က ၂ ဘက်တို့အနေနဲ့ အဆင့်မြင့် ခရီးစဉ်တွေနဲ့ ပတ်သက်လို့ တိုင်ပင် ဆွေးနွေးမှုတွေ ရှိဖို့နဲ့ အထူးသံကိုယ်စားလှယ်တွေအပြင် ၂ နိုင်ငံကြား အပြန်အလှန်ဖလှယ်မှုတွေဟာ ၂ နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ရာမှာလည်း အရေးကြီးတယ်လို့ သဘောတူခဲ့ကြပါတယ်" လို့ ပြောသွားတာပါ။

မြောက်ကိုရီးယားခေါင်းဆောင် Kim ဟာ တောင်ကိုရီးယား သမ္မတ Moon Jae In နဲ့ ကိုရီးယား ၂ နိုင်ငံကြားက Panmunjom စစ်မဲ့ဇုံမှာ မကြာခင် သီတင်းပတ်တွေ အတွင်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

နျူကလီယားလက်နက် ဖျက်သိမ်းရေးလုပ်ဆောင်ဖို့ မြောက်ကိုရီးယားခေါင်ေးဆာင်ရဲ့ ကတိပေးချက်နဲ့ ညှိနှိုင်းရေးလုပ်ငန်းစဉ်အတွက် တရုတ်ရဲ့ ကြိုးပမ်းမှုကို တောင်ကိုရီးယား အရာရှိတွေက ကြိုဆိုခဲ့ကြပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးမြှင့်လိုတဲ့ ဆန္ဒရှိသလို အမေရိကန်ပြည်ထောင်စုနဲ့လည်း တွေ့ဆုံဆွေးနွေး လိုတဲ့ဆန္ဒရှိကြောင်း ခေါင်းဆောင် Kim ရဲ့ပြောကြားချက်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယားရဲ့ ကိုရီးယား ၂ နိုင်ငံပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရ Baik Tae-hyun က အခုလို ပြောပါတယ်။

"ကိုရီးယား ၂ နိုင်ငံကြားဆွေးနွေးပွဲနဲ့ အမေရိကန်- မြောက်ကိုရီးယားဆွေးနွေးပွဲတွေ မတိုင်ခင်မှာ မြောက်ကိုရီးယားနဲ့ တရုတ်တို့ ဆက်ဆံရေး တိုးတက်လာတာဟာ ကိုရီးယားကျွန်းဆွယ်ဒေသက နျူကလီယားကင်းမဲ့ရေးနဲ့ ငြိမ်းချမ်းရေးရဖို့လိုမျိုး ပြဿနာတွေကို ဖြေရှင်းရာမှာ အထောက်အကူ ရနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။"

ဂျပန်အစိုးရကတော့ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ဆက်ဆံရေးတိုးတက်လာတာအတွက် အထူးစိတ်ဝင်တစား စောင့်ကြည့်နေကြောင်း ပြောပါတယ်။ ဒါပေမယ့် အရေးယူဒဏ်ခတ်မှုတွေ မရုတ်သိမ်းခင် ခုထက်ခိုင်ခိုင်မာမာ လုပ်ပြတာကို မြင်ချင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ပြောပါတယ်။

" မြောက်ကိုရီးယားဘက်က ခိုင်မာတဲ့ လုပ်ရပ်တွေကို မြင်လာရတဲ့ အချိန်အထိ အရေးယူမှုတွေကို ရုတ်သိမ်းပေးအုံးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကျွန်တော်တို့ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အပြည့်အဝ လက်တွဲပြီး လုပ်ဆောင်မှာဖြစ်ပါတယ်။"

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Gutterres ကလည်း မြောက်ကိုရီးယားက နျူကလီယားဖျက်သိမ်းရေးလုပ်ဆောင်မယ်လို့ ကတိပြုခဲ့တာအတွက် ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီယားကင်းမဲ့ရေးနဲ့ ရေရှည် ငြိမ်းချမ်းရေးရဖို့ ဖြောင့်မှန်တဲ့ ဆွေးနွေးမှုတွေအတွက် အစဖြစ်ကြောင်းဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG