သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း

မြောက်ကိုရီယားဆိုက်ဘာတိုက်ခိုက်မှု တရုတ်ကိုအသုံးပြုခဲ့လား


တောင်ကိုရီးယားဘူတာရုံကတီဗွီမှာ မြောက်ကိုရီးယားခေါင်းဆောင်ကို အမေရိကန်က လုပ်ကြံရေးစီစဉ်ပုံဟာသကားကြော်ငြာအနီးမှာ တောင်ကိုရီးယားစစ်သားတဦးကို တွေ့ရစဉ်။ (ဒီဇင်ဘာ ၂၂၊ ၂၀၁၄)

Sony Pictures ရုပ်ရှင်လုပ်ငန်းအပေါ် အင်တာနက် ဖောက်ထွင်းသူတွေ ၀င်ရောက်တိုက်ခိုက်ဖို့ တရုတ်နိုင်ငံကနေရာတချို့ကို မြောက်ကိုရီးယားက အသုံးချခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ မှန်-မမှန် ဆုံးဖြတ်နိုင်လောက်တဲ့ သတင်းအချက်အလက် အလုံမလောက် မရှိဘူးလို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

Cyber တိုက်ခိုက်မှုတွေကို ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် တရုတ်နိုင်ငံက လက်မခံတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ဒီကနေ့ပဲ ပြောဆိုလိုက်တာဖြစ်ပေမဲ့ လုံလောက်တဲ့ သတင်းအချက်အလက် မရသေးဘဲ ကောက်ချက် မချလိုတဲ့အကြောင်းလည်း ပြောဆိုခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုကတော့ မြောက်ကိုရီးယားက Cyber တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ တရုတ်နိုင်ငံနဲ့ ဆွေးနွေးနေပါတယ်။

ဒါပေမဲ့လည်း အမေရိကန် ကာကွယ်ရေးဆိုင်ရာ လျို့ဝှက်ချက်တွေကို ခြိမ်းခြောက်နေပြီး အမေရိကန်ကုမ္ပဏီတွေရဲ့ပြိုင်ဆိုင်မှုနဲ့ အလုပ်အကိုင်တွေကိုပါ ထိခိုက်နေတဲ့အထိ တရုတ်နိုင်ငံက အင်တာနက်ကတဆင့် ခိုးယူမှုတွေ ရှိနေတယ်လို့ စွပ်စွဲနေတဲ့အတွက် ဆွေးနွေးမှုတွေမှာ အခက်အခဲတွေလည်း ကြုံရနိုင်ပါတယ်။

အမေရိကန်သမ္မတ Barack Obama ကတော့ Sony ကုမ္ပဏီ တိုက်ခိုက်မှုမှာ တာဝန်ရှိတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက စွပ်စွဲနေတဲ့ မြောက်ကိုရီးယားကို အစိုးရကိုယ်တိုင် အကြမ်းဖက်မှုတွေကို ကမကထလုပ်နေတဲ့ နိုင်ငံတခုအဖြစ် စာရင်းသွင်းသင့်၊ မသင့် ပြန်လည် သုံးသပ်နေကြောင်း မနေ့တုန်းကပဲ ပြောဆိုထားတာပါ။

Hackers တွေရဲ့ တိုက်ခိုက်မှုအပေါ် စစ်ကြေညာတဲ့ လုပ်ရပ်လို့ ယူဆမထားပေမဲ့ ထိခိုက်နစ်နာမှု ကြီးမားလွန်းတဲ့ အင်တာနက်ပေါ်က ဆူပူရမ်းကားမှု အဖြစ် မြင်တဲ့အကြောင်းလည်း အမေရိကန်ရုပ်သံ CNN ရဲ့ နိုင်ငံတော်အခြေပြ ဆွေးနွေးခန်း အစီအစဉ်မှာ သမ္မတက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကလည်း Sony ကုမ္ပဏီ တိုက်ခိုက်ခံရမှုအတွက် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက် နေတယ်လို့လည်း ဂျပန်ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga က ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။ အင်တာနက် Cyber တိုက်ခိုက်မှုတွေဟာ ဂျပန်နိုင်ငံ အမျိုးသား လုံခြုံရေးအတွက် ကြီးမားတဲ့ ပြဿနာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြောက်ကိုရီးယားကတော့ Sony ကုမ္ပဏီရဲ့ အင်တာနက် ကွန်ယက်တွေ၊ အီးမေးလ်တွေနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ဖောက်ထွင်း ဖော်ပြခဲ့တာတွေဟာ သူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားတာပါ။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ကို လုပ်ကြံဖို့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) က သတင်းထောက်နှစ်ယောက်ကို ငှားရမ်းခဲ့တဲ့အကြောင်း ဟာသရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ the Interview ဇာတ်ကားကို ကြည့်တဲ့သူတွေအနေနဲ့ ခါးသည်းတဲ့အကျိုးဆက်တွေ ခံစားရမယ်ဆိုပြီး ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်သူများလို့ အမည်ပေးထားတဲ့ Hackers တွေက သတိပေးထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG