သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားကို မြောက်ကိုရီးယား ရာဇသံပေး


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ။ (သြဂုတ် ၂၁၊ ၂၀၁၅)
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ။ (သြဂုတ် ၂၁၊ ၂၀၁၅)

တောင်ကိုရီးယားနိုင်ငံအနေနဲ့ မြောက်ကိုရီးယား ဆန့်ကျင်တဲ့ နယ်စပ် ဖြတ်ကျော် ဝါဒဖြန့်ချိတဲ့ အသံလွှင့်အစီအစဉ်တွေ စနေနေ့ နောက်ဆုံးထားပြီး ရပ်တန့်ခြင်း မရှိရင် ပြင်းထန်တဲ့ စစ်ရေးအရ လက်စားချေမှုနဲ့ ရင်ဆိုင်ရမယ် လို့ မြောက်ကိုရီးယားက သတိပေး ပြောကြားလိုက်ပါတယ်။

စစ်တပ်အနေနဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို မပြောဘူးလို့ ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား လက်ထောက် သံအမတ်ကြီး An Myong Hun က နယူးယောက်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အသံလွှင့်အစီအစဉ်တွေဟာ ပြောင်ပြောင်တင်းတင်းပြုလုပ်တဲ့ စစ်ရေး အပြုအမှုဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကလည်း နှစ်နိုင်ငံအကြားက စစ်မဲ့ဇုံအနီးမှာ စစ်ဖြစ်နေတဲ့ အခြေအနေအလား တပ်ဖွဲ့တွေကို အသင့်အနေအထားရှိနေဖို့ အမိန့် ထုတ်ပြန်ထားတယ်လို့ An Myong Hun က ပြောပါတယ်။

တမူထူးခြားတဲ့ နှောက်ယှက်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် အမေရိကန် နဲ့ တောင်ကိုရီးယား တပ်ဖွဲ့တွေဟာ ပုံမှန် ပြုလုပ်နေကျ ပူးတွဲ စစ်ရေးလေ့ကျင့် မှုတွေကို ပြန်လည် စတင်ခဲ့ပါတယ်။ တောင် နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံ ကို ခြားထားတဲ့ အနောက်ဖက်ခြမ်း ဒေသမှာ နှစ်ဖက် အခု သီတင်းပတ်အတွင်း အပြန်အလှန် အမြောက်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်သွားခဲ့ပြီးတဲ့နောက် စစ်ရေး လေ့ကျင့်မှုတွေကို ရပ်ဆိုင်းထားခဲ့တယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က သောကြာနေ့မှာ ပြောပါတယ်။

တောင်နဲ့ မြောက်ကိုရီးယားအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အမေရိကန် အရာရှိတွေအနေနဲ့ တောင်ကိုရီးယားနဲ့ ပူးပေါင်း ဆောင်ရွက်လိုတဲ့ အကြောင်း အမေရိကန် လက်ထောက် ကာကွယ်ရေးဝန်ကြီး David Shear က ပြောပါတယ်။

XS
SM
MD
LG