ဒီသီတင်းပတ်ထဲကျင်းပမယ့် တောင်ကိုရီးယားက ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် မြောက်ကိုရီးယားအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယား လွှတ်တော်ဥက္ကဌ Kim Yong Nam ကိုယ်တိုင်ဦးဆောင် တက်ရောက်မှာ ဖြစ်ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
Kim Yong Nam နဲ့အတူ အရာရှိ ၃ ဦးနဲ့ လက်ထောက် ၁၈ ဦးတို့ လိုက်ပါလာမှာ ဖြစ်စကြောင်း ကိုရီးယား ၂ နိုင်ငံ ပြန်လည်ပေါင်းစည်း ရေးဆိုင်ရာ တောင်ကိုရီးယား ဝန်ကြီးဌာနက ပြောပါတယ်။ ကိုယ်စားလှယ်အဖွဲ့ဟာ ၃ ရက်ကြာခရီး လာရောက်တာဖြစ်ပြီး Pyeongchang အိုလံပစ်ပွဲတော်စတင်တဲ့ သောကြာနေ့မှာ အရောက်လာဖို့စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။
အိုလံပစ်ပွဲတော်ဖွင့်ပွဲကို တက်ရောက်မယ့် အမေရိကန်ပြည်ထောင်စုက ဒုသမ္မတ Mike Pence ကတော့ ကြာသပတေးနေ့မှာ တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ကို ရောက်လာမှာ ဖြစ်ပြီး တောင်ကိုရီးယား သမ္မတMoon Jae-in နဲ့ ညစာ အတူစားဖို့ စီစဉ်ထားပါတယ်။
မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ်ဒုံးကျည်နဲ့ နျူကလီယားလက်နက် စမ်းသပ်မှုတွေကို နိုင်ငံတကာက ပစ်တင်ရှုံ့ချပြီး အမေရိကန်- တောင်ကိုရီးယားနဲ့ ဂျပန်တို့ကြား လအတော်ကြာ မြောက်ကိုရီးယားနဲ့ စကားစစ်ထိုး တိုက်ခိုက်နေတာတွေကြောင့် တောင်နဲ့ မြောက်ကိုရီးယား၂ နိုင်ငံကြား ဆက်ဆံရေးတင်းမာနေရာကနေ အခုလို မြောက်ကိုရီးယား အဆင့်မြင့်ခေါင်းဆောင်လာရောက်မှုကြောင့် တင်းမာမှုတွေ ပြေလျော့လာနိုင်စရာ ရှိပါတယ်။
ကိုရီးယား ၂ နိုင်ငံကြား ၁၉၅၀ နှစ်တွေကတည်းက အပစ်အခတ်ရပ်စဲခဲ့ပေမယ့် စစ်ပြေငြိမ်းရေးစာချုပ် မချုပ်ဆိုသေးတဲ့အတွက် တရားဝင် စစ်မရပ်စဲသေးပါဘူး။