သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယား လူ့အခွင့်အရေးချိုးဖောက်မှု ကုလစွပ်စွဲချက် တရုတ်ပယ်ချ

  • ဗွီအိုအေ (မြန်မာဌာန)

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းမှုကော်မရှင် အကြီးအကဲ Michael Kirby။
နိုင်ငံရေးခိုလှုံခွင့် ရနိုင်ဖို့ ပြည်ပကို ထွက်ပြေးလာကြတဲ့ မြောက်ကိုရီးယားတွေ ကို မြောက်ကိုရီးယားနိုင်ငံထဲ ပြန်ပို့နေတဲ့ တရုတ်နိုင်ငံရဲ့လုပ်ရပ်ဟာ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု ကျူးလွန်ရာရောက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က စွပ်စွဲလိုက်တဲ့အပေါ် တရုတ်နိုင်ငံက ပယ်ချလိုက်ပါတယ်။

ဒီလို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို တရုတ်နိုင်ငံက လက်မခံနိုင်ဘူးလို့ ကုလသမဂ္ဂ စုံစမ်းရေးအစီရင်ခံစာပါ အချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ဒီကနေ့ တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးနိုင်ငံသား အမြောက်အများကို သူ့နိုင်ငံထဲ အတင်းအကြပ် ပြန်ပို့နေတဲ့ တရုတ်အာဏာပိုင်တွေရဲ့ လုပ်ရပ်ကြောင့် ထွက်ပြေးလာသူတွေ တိုင်းပြည်ထဲ ပြန်ရောက်တဲ့အခါ ညှဉ်းပန်းနှိပ်စက်ခံရတာမျိုး၊ အကျဉ်းရုံး ကွပ်မျက်ခံရတာမျိုးတွေ ရှိသလို၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေလည်း ရှိတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးနိုင်ငံက ထွက်ပြေးလာသူတွေကို ရာဇ၀တ်ကျူးလွန်သူတွေ ဒါမှမဟုတ် စီးပွားရေးအရ ရွှေ့ပြောင်းအခြေချလိုသူတွေအဖြစ်သာ တရုတ်ဘက်က တောက်လျှောက် သုံးနှုန်းနေပြီး ဒုက္ခသည်ဆိုတဲ့ အသုံးနှုန်းကို တရုတ်က ဘယ်တုန်းကမှ မသုံးဘဲ နယ်စပ်ဖြတ်ကျော် ခိုးဝင်သူတွေအဖြစ်သာ သုံးနှုန်းလေ့ ရှိပါတယ်။ ၁၉၉၀ နောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံသား ၂ သောင်းကျော်ဟာ တိုင်းပြည်ကနေ ထွက်ပြေးခဲ့ကြပါတယ်။
XS
SM
MD
LG