သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ကုလ နျူကလီးယား စစ်ဆေးရေးမှူးတွေ လာရောက်ခွင့်ပြုမည်


မြောက်ကိုရီးယား ကုလ နျူကလီးယား စစ်ဆေးရေးမှူးတွေ လာရောက်ခွင့်ပြုမည်

မြောက်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေကို လာရောက်ခွင့်ပြုမယ်လို့ သဘောတူလိုက်တဲ့ အကြောင်း အမေရိကန် သံတမန်ဟောင်း တဦးဖြစ်တဲ့ ဘေလ် ရစ်ချတ်စန် (Bill Richardson) က အာမခံလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကနေ ကုလသမဂ္ဂ နျူကလီးယားလက်နက် စစ်ဆေးရေးမှူးတွေကို ၂၀၀၉ ခုနှစ်က နှင်ထုတ်ခဲ့ပါတယ်။

ဘေလ် ရစ်ချတ်စန်ဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် မြောက်ကိုရီးယားနိုင်ငံကို ရောက်ရှိနေစဉ် ခရီးစဉ် ၄ ရက်မြောက်တဲ့နေ့ မနေ့က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက မကြာခင်က ဖွင့်လှစ်လိုက်တဲ့ ယုံဗြောင်း နျူကလီးယား ဓာတ်ပေါင်းဖိုရှိ ယူရေနီယံ သန့်စင်ရေး စက်ရုံကို IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီရဲ့ စစ်ဆေးရေးမှူးတွေကို စောင့်ကြည့်ခွင့်ပေးမှာ ဖြစ်တယ်လို့ မစ္စတာ ရစ်ချတ်စန်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို မြောက်ကိုရီးယားက ယူရေနီယံ သန့်စင်ရေး လုပ်နေတာဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ဟုတ်မဟုတ် ဆိုတာကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေက စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေကို လာရောက်ခွင့်ပြုမယ် ဆိုတာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီ.ဂျေ ခရော်လီ (P.J Crowley) က မနေ့က ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ကတိစကားတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာ နှစ်တွေ အတော်ကြာခဲ့ပြီ ဖြစ်တာကြောင့် အပြောနဲ့အလုပ် ညီမညီ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

XS
SM
MD
LG