အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို ဝေဖန် တိုက်ခိုက်ထားတာတွေကို Facebook၊ Twitter နဲ့ တောင်ကိုရီးယားက ဘလော့ဂ်စာမျက်နှာ ၀န်ဆောင်မှုတွေကနေတဆင့် အလွယ်တကူ ပြန်ဖြန့်နိုင်အောင် မြောက်ကိုရီးယားအစိုးရရဲ့ အဓိက အင်တာနက် စာမျက်နှာကနေ စပြီး လုပ်ပေးထားလိုက်ပါပြီ။
လူကြိုက်များတဲ့ လူမှုဆက်ဆံရေးကွန်ယက် အင်တာနက်စာမျက်နှာတွေကို ချိတ်ဆက်ထားတဲ့ ကွန်ပြူတာရုပ်ပုံ Icon လေးတွေ မြောက်ကိုရီးယားအစိုးရ ၀ါဒဖြန့် အင်တာနက်စာမျက်နှာမှာ ထည့်သွင်းပေးထားတာကို မြောက်ကိုရီးယား သတင်း မီဒီယာတွေကိုစောင့်ကြည့်တဲ့ တောင်ကိုရီးယား ယွန်ဟပ်ပ်သတင်းဌာနက ဒီကနေ့ တနင်္လာနေ့မှာ ဖော်ပြပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ သူ့နိုင်ငံသားတွေ အင်တာနက်အသုံးပြုတာကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပေမဲ့ အစိုးရရဲ့ ၀ါဒဖြန့်ချိရေးအတွက်တော့ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါတယ်။
ကွန်မြူနစ်ဝါဒနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေပါတဲ့ အင်တာနက်စာမျက်နှာတွေကို တောင်ကိုရီးယား အစိုးရကလည်း ပိတ်ပင်ကန့်သတ်ထားပေမဲ့ ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံက အင်တာနက်စာမျက်နှာတွေကို ကြည့်လို့ရအောင် လူတချို့ လုပ်နိုင်နေကြတုန်းပဲဖြစ်ပါတယ်။