သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားတခွင် အင်တာနက် ဆက်သွယ်မှုပျက်


ဆိုနီကော်ပိုရေးရှင်းကို အင်တာနက် cyber တိုက်ခိုက်ခဲ့တဲ့အပေါ် မြောက်ကိုရီးယားနိုင်ငံရဲ့လက်ချက်ဖြစ်တယ်လို့ အပြစ်ဖို့လိုက်ပြီး အမေရိကန် ပြည်ထောင်စုက လက်တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ သမ္မတဘာရက်အိုဘားမားက သတိပေးလိုက်ပြီး ရက်ပိုင်းအကြာမှာ မြောက်ကိုရီးယားနိုင်ငံက နေရာအများအပြားမှာ အင်တာနက်တွေ ပြတ်တောက်မှုနဲ့ ကြုံနေရပါတယ်။

ဘာကြောင့် အခုလို အင်တာနက်လိုင်းတွေ ပြတ်တောက်နေရတဲ့အကြောင်းအရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူအမျိုးသမီးကို ဒီအကြောင်းနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဖြေဆိုဖို့ ငြင်းဆိုပါတယ်။

ဒါပေမဲ့ အမေရိကန်အစိုးရအနေနဲ့ ဆိုနီကော်ပိုရေးရှင်း တိုက်ခိုက်ခံရမှုအပေါ် တုံ့ပြန်ဖို့နည်းလမ်းတွေ စဉ်းစားနေတယ်လို့ သူမက ပြောပါတယ်။ တဆက်တည်းမှာပဲ တချို့ကိစ္စတွေဟာ မျက်စေ့နဲ့မြင်နိုင်ပြီး တချို့အရာတွေကတော့ မြင်တွေ့နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အမေရိကန်နိုင်ငံအခြေစိုက် အင်တာနက် လေ့လာစောင့်ကြည့်နေတဲ့ Dyn Research သုတေသနအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တယောက်ကတော့ မြောက်ကိုရီးယားမှာ ဖြစ်နေတဲ့အင်တာနက်ပြဿနာဟာ တိုက်ခိုက်မှုကြောင့် ဖြစ်ရတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဆိုနီရုပ်ရှင်လုပ်ငန်းအပေါ် cyber တိုက်ခိုက်မှုမှာ ပတ်သက်တယ်လို့ စွပ်စွဲပြောဆိုတဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်းပန်ဖို့ မြောက်ကိုရီးယားက တနင်္လာနေ့မှာ တောင်းဆိုလိုက်ပြီး cyber တိုက်ခိုက်မှုအပါဝင် နည်းမျိုးစုံနဲ့ ပြန်လည်တိုက်ခိုက်မယ်ဆိုပြီးတော့လည်း ခြိမ်းခြောက် လိုက်ပါတယ်။

XS
SM
MD
LG