သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင် တရုတ်ရောက်ရှိဟု ခန့်မှန်းထွက်ပေါ်


မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို တင်ဆောင်ထားတယ်လို့ ယူဆရတဲ့ ရထားတစင်းဟာ အင်္ဂါနေ့ နေလည်ပိုင်း ဘေးဂျင်းကနေ ထွက်ခွာသွားတယ်လို့ သတင်းတွေမှာ ဖော်ပြပြီး၊ မြို့တော်မှာ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားပါတယ်။

စစ်စိမ်းရောင် ရထားတစင်း ဘေးဂျင်းမြို့ကို ဆိုက်ရောက်လာတဲ့ ဗွီဒီယိုကို ဂျပန်ရုပ်သံတခုက ရရှိခဲ့တဲ့နောက်၊ မြောက်ကိုရီးယားခေါင်းဆောင်ဟာ တရုတ်နိုင်ငံကို တနင်္လာနေ့က ရောက်နေတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။

စစ်စိမ်းရောင်ပေါ်မှာ အဝါလိုင်း တလိုင်းပါတဲ့ အဲဒီရထားဟာ ကွယ်လွန်သွားတဲ့ အရင် မြောက်ကိုရီယားခေါင်းဆောင် Kim Jong Il ၂၀၁၁ တုန်းက တရုတ်ကိုလာတဲ့ ရထားနဲ့ အတော့်ကို တူတယ်ဆိုပြီး ဂျပန် NTV ရုပ်သံက ထုတ်လွှင့်သွားပါတယ်။ မြောက်ကိုရီယားခေါင်းဆောင်ဟောင်း Kim Jong Il ဟာ တရုတ်ကို ကိုယ်ပိုင်ရထားသုံးပြီး လာရောက်တဲ့ တဦးတည်းသော မြောက်ကိုရီယားခေါင်းဆောင်လည်းဖြစ်ခဲ့ပါတယ်။

တရုတ်ကို လာရောက်တဲ့ မြောက်ကိုရီယားအဆင့်မြင့်တာဝန်ရှိသူတိုင်းဟာ ဒီလို ရထားမျိုး သုံးလေ့သုံးထမရှိဘူးလို့ မြောက်ကိုးရီယားအရေးသုတေသီတဦးက ပြောပါတယ်။ မြောက်ကိုရီယားခေါင်းဆောင်ကို တရုတ်ကို ရောက်နေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေအပေါ် တရုတ်ရော မြောက်ကိုရီယားဖက်ကပါ တစုံတရာ အတည်ပြု ပြောဆိုတာမျိုး မရှိသေးပါဘူး။ မြောက်ကိုရီးယားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒီ ခရီးစဉ်ကို ကြည့်မယ်ဆိုရင် မြောက်ကိုရီယားအနေနဲ့ ကမ္ဘာနဲ့ ထိပ်တိုက်တွေ့နေရကနေ သံတမန်ဆက်ဆံရေးဖက်ကို လှည့်လာမယ့် ကြီးမားတဲ့ပြောင်းလဲမှုကြီးရဲ့ အစိတ်အပိုင်းဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီယားအရေးသုတေသီတွေက ခန့်မှန်းနေပါတယ်။

တောင်ကိုရီယား မီဒီယာမှာတော့ ဒီ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာတာ Kim ကိုယ်တိုင်မဟုတ်ပဲ၊ သူ့ညီမ ဖြစ်တယ်လို့ ဆိုပါတယ်။ အကယ်လို့ ကင်ဂျုံအွန်းသာ အခု တရုတ်ခရီးစဉ်မှာ ဦးဆောင်လာသူမှန်ခဲ့ရင်တော့၊ ၂၀၁၁ ခုနှစ် အာဏာယူခဲ့ပြီးကတည်းကဆိုရင် သူ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်မှာပါ။

XS
SM
MD
LG