နျူကလီးယားလက်နက်ဖျက်သိမ်းရေးတွေလုပ်မယ်ဆိုတဲ့ ကတိတွေရှိနေတဲ့အပေါ် အမေရိကန်ဘက်ကစိုးရိမ်မကင်းရှိနေ တဲ့အချိန်မှာ မြောက်ကိုရီးယားဘက်က သူ့ရဲ့တာဝေးပစ်မစ်ဇိုင်းဒုံးကျည်အခြေစိုက်စခန်းတခုကို တိုးချဲ့မွန်းမံမှုတွေလုပ်ဖို့ ကြိုးစားမှုတွေရှိနေကြောင်း အမေရိကန်ထောက်လှန်းရေးအရာရှိတွေကပြောလိုက်ပါတယ်။
ဒီသတင်းက အမေရိကန် အတွက် တအံ့တသြဖြစ်စရာတော့အကြောင်းမရှိပါဘူး။ မြောက်ကိုရီးယားနိုင်ငံက တောတောင်ထူထပ်တဲ့ဒေသက Yeongjeo Dong မစ်ဇိုင်းအခြေစိုက်စခန်းနဲ့ ဒီစခန်းရဲ့၇မိုင်အကွာမှာရှိတဲ့ Hoejung စက်ရုံအသစ်တွေမှာ လှုပ်ရှား ဆောင်ရွက်မှုတွေနဲ့တိုးတက်မှုတွေရှိနေတာကို ဆက်သွယ်ရေးဂြိုလ်တုရုပ်ပုံတွေမှာတွေ့ရပါတယ်။
ဒီပုံတွေနဲ့ပတ်သက်ပြီး အမေရိကန်ထောက် လှန်းရေးအရာရှိတဦး ဗီအိအေကိုပြောတာကတော့ သူတို့ရဲ့ စစ်ဆေးတွက်ချက်မှုတွေက အပြောင်း အလဲမရှိဘူးလို့ဆိုပါ တယ်။ မြောက်ကိုရီးယားဘက်က လုပ်စရာတွေအကြီးအကျယ်ရှိတယ်လို့လည်းဆိုပါတယ်။ CNN သတင်းဌာနကရရှိတဲ့ ဂြိုလ်တုဓါတ်ပုံတွေအရ ၂၀၁၇ခုနှစ်မှာမြောက်ကိုရီးယားက ကြီးမားတဲ့မြေအောက်စက်ရုံတခုစတင် ဆောက်လုပ်နေတာ ပြီးခဲ့တဲ့သြဂုတ်အထိလုပ်နေတုန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လတုန်းက အမေရိကန်သမ္မတဒေါ်နလ် ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့တွေ့ဆုံခဲ့ကြပြီးနောက်ပိုင်း မြောက်ကိုရီးယားရဲ့နျူကလီးယားလုပ် ငန်းအစီအစဉ်တွေဖျက်သိမ်းဖို့ မျှော်လင့်ချက်တွေဖြစ်ခဲ့ပါတယ်။