မြောက်ကိုရီးယားနိုင်ငံက ဒီကနေ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတခု မအောင်မမြင်ဖြစ်ခဲ့တာကို စစ်ရေးအရ ဆုတ်ယုတ်မှုတခုလို့ မယူဆနိုင်တဲ့အကြောင်း သုံးသပ်သူတွေက ထောက်ပြ ပြောဆိုပါတယ်။ ဒါဟာဖြင့် အဆင့်မြင့် နျူကလီးယား လက်နက် အစီအစဉ် စမ်းသပ် လုပ်ဆောင်ရာမှာ နောက် တဆင့် တက်လှမ်းနိုင်ဖို့အတွက် ကြုံရတဲ့ သာမန်ဖြစ်စဉ် တစိတ်တပိုင်းသာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောနေတာပါ။
ဒီကနေ့ မအောင်မမြင်ဖြစ်ခဲ့တဲ့ ဒုံးကျည်ဟာ အရင်တုန်းက မြောက်ကိုရီးယားနိုင်ငံ တခါမှ မစမ်းသပ်ခဲ့ဖူးတဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် ဖြစ်လိမ့်မယ်လို့လည်း သုံးသပ်သူတွေက ယူဆထားပါတယ်။
လက်ရှိမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ အဖိုး၊ မြောက်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး သမ္မတ Kim Il Sung ရဲ့ မွေးနေ့မှာ မြောက်ကိုရီးယားအစိုးရက တာလတ်ပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်နိုင်ဖွယ် ရှိတယ်ဆို တာကို စောင့်ကြည့်လေ့လာ သူတွေက အစောပိုင်း ကတည်းက မျှော်မှန်းထားတာပါ။
အခုလို ဒုံးကျည် ပစ်လွှတ်တာတွေကြောင့်ပဲ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဒဏ်ခတ်အရေးယူမှုတွေ ချထားတာကို အန်တုပြီး မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်စမ်းသပ်ပစ်လွှတ်တာတွေကို ထပ်ခါတလဲလဲ လုပ်ဆောင်နေတာဖြစ်ပါတယ်။