သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား တာလတ်ပစ်ဒုံးကျည် ၂ စင်း စမ်းသပ်ပစ်လွှတ်


မြောက်ကိုရီးယားနိုင်ငံဟာ တိုင်းပြည်အရှေ့ပိုင်း ကမ်းခြေကနေ ပဲ့ထိန်းတပ် ဒုံးကျည် ၂ စင်းကို ဗုဒ္ဓဟူးနေ့က ပစ်လွှတ်ခဲ့ပေမဲ့ အနည်းဆုံး တကြိမ်ကတော့ မအောင်မြင်ခဲ့ဘူးလို့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက်အရာရှိတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့အစောပိုင်းက အခုလို ၂ ကြိမ် ပြုလုပ်ခဲ့တဲ့ ဒုံးကျည်တွေဟာ တာလတ်ပစ် Musudan ဒုံးကျည် အမျိုးအစားမျိုး ဖြစ်လိမ့်မယ်လို့ ယုံကြည်ရပြီး အာရှနဲ့ ပစိဖိတ်ဒေသတွေမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက် စခန်းတွေကို ရောက်နိုင်ပါတယ်။

ဧပြီလတုန်းကလည်း အလားတူ ဒုံးကျည်မျိုး မြောက်ကိုရီးယားက ၃ ကြိမ်တိုင်တိုင် စမ်းသပ် ပစ်လွှတ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ မေလတုန်းကလည်း Musudan လို့ ယူဆရတဲ့ ဒုံးကျည်တခု စမ်းသပ် ပစ်လွှတ်ခဲ့ပါသေးတယ်။

မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ် ပစ်လွှတ်နိုင်ခြေရှိတာကြောင့် ဂျပန်အစိုးရကလည်း စစ်တပ်ကို တပ်လှန့်ထားသလို ဂျပန်နိုင်ငံဘက်ကို ဦးတည်လာတဲ့ ဒုံးကျည်တွေကို ပစ်ချဖို့အတွက် ရေတပ်နဲ့ Patriot အမျိုးအစား ဒုံးခွင်းဒုံး ပစ်စင်တွေကို ညွန်ကြားချက် ထုတ်ပြန်ထားတယ်လို့ ဂျပန်အစိုးရ အသိုင်းဝိုင်းက ပြောပါတယ်။

အဲဒီဒုံးကျည်ဟာ ကီလာမီတာ ၃,၀၀၀ ကနေ ၄,၀၀၀ အထိရောက်အောင် ပစ်နိုင်ပြီး တကယ်လို့ အောင်အောင်မြင်မြင် စမ်းသပ် ပစ်လွှတ်နိုင်မယ်ဆိုရင်တော့ ဂျပန်၊ တရုတ်နဲ့ အမေရိကန် Guam ကျွန်းအထိ ရောက်နိုင်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ John Kirby က မြောက်ကိုရီးယားအနေနဲ့ ရန်လိုတဲ့ အပြုအမူတွေကို ရပ်တန့်ဖို့ အချိန်တန်ပြီလို့ အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG