သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလတ်ပစ်ဒုံး မြောက်ကိုရီးယားဖယ်ရှား


မြောက်ကိုရီးယားနိုင်ငံက ကိုရီးယားကျွန်းဆွယ် ဒေသအတွင်း တင်းမာမှုတွေ ဖြစ်ပွားနေတာကို လျှော့ပါးသွားစေလိုတဲ့ သဘောနဲ့ တာလတ်ပစ် မစ်ဇိုင်းဒုံးပျံ ၂ ခုကို ပစ်လွှတ်ဖို့ အဆင်သင့် ပြင်ဆင်ထားတဲ့ အနေအထားကနေ ပြောင်းရွှေ့ထားလိုက်တယ်လို့ ယုံကြည်ရတဲ့အကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံရဲ့ အရှေ့ဘက် ကမ်းရိုးတန်းမှာရှိတဲ့ ဒုံးပျံပစ်လွှတ်တဲ့ စခန်းကနေ Musudan မစ်ဇိုင်း ဒုံးပျံ ၂ စင်းကို မကြာခင်က ပြောင်းရွှေ့လိုက်ကြောင်း ဝါရှင်တန်မှာရှိတဲ့ အမည်မဖော်လိုတဲ့ ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိတစ်ယောက် က ပြောဆိုပါတယ်။ ဒီအကြောင်းကို တောင်ကိုရီးယားနိုင်ငံက မီဒီယာတွေမှာလည်း ဖော်ပြကြ တာကို တွေ့ရပါတယ်။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ မိုင် ၂ ထောင်ကျော် အကွာအဝေးကို ပစ်ခတ်နိုင်တဲ့ မစမ်းသပ်ရသေးတဲ့ Musudan မစ်ဇိုင်း ဒုံးပျံတွေကို ပစ်လွှတ်နိုင်ကြောင်း ဒီဒုံးပျံ ပစ်လွှတ်နိုင်တဲ့ အကွာအဝေးဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန် ပစ်မှတ်တွေကို လက်လှမ်းမှီတာကြောင့် သတိထားဖို့ အမေရိကန်အစိုးရက ရက်သီတင်းပတ် တော်တော်ကြာ သတိပေးချက် ထုတ်ပြန်ထားခဲ့တာပါ။

အခုလို မြောက်ကိုရီးယားက ဒုံးပျံတွေ ရွှေ့ပြောင်းလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းကောင်း ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအနေနဲ့ ဒုံးပျံတွေ စမ်းသပ်ပစ်လွှတ်မှု မလုပ်တော့ဘူးလို့တော့ အမေရိကန်ဘက်က တထစ်ချ မယူဆတဲ့အကြောင်း သမ္မတ အိမ်ဖြူတော် အာရှရေးရာဆိုင်ရာ အကြီးတန်း ညွှန်ကြားရေးမှူး ဒယ်နီယယ် ရတ်ဆယ်လ် (Daniel Russel) က ပြောပါတယ်။
XS
SM
MD
LG