သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Un ရုပ်ရှင်ရုံတင်ဖို့ ဆိုနီဆုံးဖြတ်ချက် အိုဘားမားချီးကျူး


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို လုပ်ကြံမယ့်အကြောင်း ဇာတ်လမ်းစဉ်ထားတဲ့ ဟာသရုပ်ရှင်ကားကို အချေအတင် ဖြစ်စရာတွေ ကြုံခဲ့ရပြီးနောက် ပြသဖို့ Sony Picture ကုမ္ပဏီက ဆုံးဖြတ်လိုက်တဲ့အပေါ် အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ကြိုဆိုလိုက်ပါတယ်။

The Interview ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသမယ်ဆိုရင် ထိခိုက်နစ်နာအောင် လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့ Hackers တွေက Sony ကုမ္ပဏီရဲ့ အင်တာနက်စနစ်ကို ဖောက်ထွင်းခဲ့ပြီးနောက် အစောပိုင်းမှာ မပြဖို့ ကုမ္ပဏီက ကြေညာခဲ့တာပါ။ ဒါပေမဲ့လည်း မနက်ဖြန် ခရစ္စမတ်နေ့ကျရင် ရုံတချို့မှာ ပြသဖို့ Sony ကုမ္ပဏီက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူ Eric Schultz ကတော့ Sony ရဲ့ ဆုံးဖြတ်ချက်အပေါ် သမ္မတ အိုဘားမားက ကြိုဆိုကြောင်းနဲ့ ရုပ်ရှင်နဲ့ ပတ်သက်လို့ လူတွေ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရအောင် လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အစောပိုင်းမှာတုန်းကတော့ အာဏာရှင်တွေက အမေရိကန်မှာ ဆင်ဆာဖြတ်တောက်လာမယ့် အန္တရာယ်မျိုး ပေါ်ပေါက်လာနိုင်တဲ့အတွက် Sony ကုမ္ပဏီက ရုံတင်မပြသဖို့ ဆုံးဖြတ်တာဟာ မှားတယ်လို့လည်း သမ္မတ အိုဘားမားက ပြောဆိုထားတာ ဖြစ်ပါတယ်။

Sony ကုမ္ပဏီအပေါ် ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်မယ်လို့ သမ္မတ အစိုးရက ပြောဆိုထားပေမဲ့ ဒီတပတ်ထဲ မြောက်ကိုရီးယားမှာ အင်တာနက် အဆက်အသွယ်တွေ ပြတ်တောက်ခဲ့တာဟာ အမေရိကန်ရဲ့ လက်ချက် ဟုတ် မဟုတ် ဆိုတာကိုတော့ အတည်ပြုတာလည်း မရှိသလို၊ ငြင်းဆိုတာမျိုးလည်း မရှိခဲ့ပါဘူး။

၉ နာရီကြာ အင်တာနက်တွေ ပြတ်တောက်ခဲ့တဲ့အပေါ် မြောက်ကိုရီးယား ဘက်ကလည်း တစုံတရာ ပြောဆိုတာမျိုး မရှိခဲ့သလို၊ Sony ကုမ္ပဏီကို တိုက်ခိုက်မှုဟာလည်း သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG