သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး နောက်သီတင်းပတ် မြန်မာနိုင်ငံ သွားမည်


မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟာ နောက်အပတ်မှာ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်တုန်းက အာဇာနည်ကုန်းမှာ မြောက်ကိုရီးယား ထောက်လှမ်းရေးသမားတွေက ဗုံးဖောက်ခွဲခဲ့တာကြောင့် သံတမန် ဆက်ဆံရေး ပျက်ပြားသွားပြီးကတည်းက ဆိုရင် ဒါဟာ မြောက်ကိုရီးယားဝန်ကြီးရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နိုင်ငံတော်ပိုင် သတင်းဌာနက အင်္ဂါနေ့မှာ ကြေညာခဲ့တာပါ။ အသေးစိတ်ကိုတော့ ကြေညာချက်ထဲမှာ ပြောမထားပါဘူး။ ဒါပေမဲ့ သံတမန် သတင်းရပ်ကွက်ကို ကိုးကားပြီး မစ္စတာ ပတ်အွီချွန်း (Pak Ui-Chun) မြန်မာနိုင်ငံကို ဇူလိုင် ၂၉ ကနေ သြဂုတ် ၁ ရက်နေ့အထိ သွားရောက်လည်ပတ်မယ်လို့ ဂျပန် ကျိုဒို သတင်းဌာနကတော့ ပြောပါတယ်။

သူက ဗီယက်နမ်မှာ နိုင်ငံတကာ လုံခြုံရေး အစည်းအဝေးကို တက်ရောက်နေပါတယ်။ မစ္စတာပတ်ဟာ လာအိုနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကိုလည်း သွားရောက်ဦးမှာပါ။

၁၉၈၃ ခုနှစ်တုန်းက တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ် (Chun Doo-hwan) မြန်မာနိုင်ငံကို လာရောက် လည်ပတ်စဉ်အတွင်း မြောက်ကိုရီးယားက သူ့ကို ဗုံးထောင်လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့အတွက် မြန်မာနိုင်ငံက မြောက်ကိုရီးယားနဲ့ သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ သံတမန် ဆက်ဆံရေး ပြန်စခဲ့ပါတယ်။

မြောက်ကိုရီးယားက မြန်မာနိုင်ငံကို လက်နက်တွေ တင်ပို့နေတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေက ဆိုပါတယ်။ ဒီဗွီဘီ သတင်းဌာနကတော့ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယား အကူအညီနဲ့ နျူကလီးယားလက်နက် တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ ဒီစွပ်စွဲချက်တွေကို စစ်အစိုးရက ငြင်းဆိုထားပါတယ်။

XS
SM
MD
LG