သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို ဒဏ်ခတ်မှုလျှော့ပေးဖို့ နိုဘယ်လ်ဆုရှင်တွေ တောင်းဆို


မြောက်ကိုရီးယားနိုင်ငံကို သွားရောက် လည်ပတ်ခဲ့ကြတဲ့ နိုဘဲလ်ဆုရှင် ၃ ဦးရဲ့ သတင်းစာရှင်းလင်းပွဲ
မြောက်ကိုရီးယားနိုင်ငံကို သွားရောက် လည်ပတ်ခဲ့ကြတဲ့ နိုဘဲလ်ဆုရှင် ၃ ဦးရဲ့ သတင်းစာရှင်းလင်းပွဲ

တောင်ကိုရီးယားနိုင်ငံက ကန့်ကွက်နေတဲ့ကြားက မြောက်ကိုရီးယားနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သွားရောက် လည်ပတ်ခဲ့ကြတဲ့ နိုဘဲလ်ဆုရှင် ၃ ဦးက မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျော့ချပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။ နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံကို နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့၊ ပညာရေးဆိုင်ရာ သံတမန်ရေးနည်းလမ်းနဲ့ ငြိမ်းချမ်းရေး လက်ကမ်းလိုကြောင်း ပြောပါတယ်။

ဆေးပညာဆိုင်ရာ နိုဘဲလ်ဆုရှင် Richard Roberts ၊ စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုရှင် Finn Kydland နဲ့ ဓာတုဗေဒဆိုင်ရာ နိုဘဲလ်ဆုရှင် Aaron Ciechanover တို့ ၃ ဦးက ကုလသမဂ္ဂကချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ အင်တာနက် အလွယ်တကူ မရနိုင်တဲ့အတွက် မြောက်ကိုရီးယား သိပ္ပံပညာရှင်တွေ အခက်တွေ့နေရကြောင်း ပြောကြားခဲ့ကြပါတယ်။

ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု အတော်များများကို ပြန်လည် ရုပ်သိမ်းပေးဖို့အတွက် နော်ဝေး၊ ဗြိတိန်နဲ့ အစ္စရေးနိုင်ငံတို့က နိုဘဲလ်ဆုရှင် ၃ ဦးက ပြုံယမ်းမြို့က ပြန်လာအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။

မြောက်ကိုရီးယားနိုင်ငံက ပညာရေးအဆောက်အဦးတွေမှာ ခေတ်ပေါ် သိပ္ပံနည်းပညာဆိုင်ရာ ကရိယာတွေ အလုံအလောက် မရှိတဲ့အခြေအနေတွေကိုလည်း ဆေးပညာဆိုင်ရာ နိုဘဲလ်ဆုရှင် Richard Roberts က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း မြောက်ကိုရီးယားနဲ့ အပြန်အလှန် ထိတွေ့ဆက်ဆံလိုတဲ့ ဆန္ဒရှိပြီး ခရီးစဉ်အတွင်း အနည်းဆုံး မြောက်ကိုရီးယား ကျောင်းသား ၂ ယောက်ကို အနောက်နိုင်ငံတွေကို လာဖို့အတွက် ဖိတ်ခေါ်ခဲ့တယ်လို့ Roberts က ပြောပါတယ်။

သိပ္ပံပညာရှင် ၃ ဦးဟာ မြောက်ကိုရီးယားနိုင်ငံအတွင်းက ဆေးရုံတွေ၊ တက္ကသိုလ်တွေနဲ့ သုတေသနဌာနတွေကို သွားရောက် လေ့လာခဲ့ကြတာပါ။

အသံတိတ် သံတမန်ရေး - လို့ အမည်ပေးထားတဲ့ သူတို့ရဲ့ ခရီးစဉ်ကိုတော့ ဂျနီဗာမြို့အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့က စီစဉ်ပေးခဲ့တာဖြစ်ပြီး သူတို့အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။

XS
SM
MD
LG