မြောက်ကိုးရီးယားနိုင်ငံက Punggye-ri နျူကလီးယားစမ်းသပ်တဲ့နေရာအနီးမှာ သောကြာနေ့က ဖြစ်ပွါးခဲ့တဲ့ ပြင်းအား ၅.၃ အဆင့်ရှိတဲ့ငလျှင်ဟာ နျူကလီးယားစမ်းသပ်မှု အရှိန်ကြောင့် ဖြစ်ပွါးခဲ့တာလို့ မြောက်ကိုးရီးယားက အတည်ပြုပါတယ်။ အမေရိကန်ဘူမိဗေဒ တိုင်းထွာရေးနဲ့ ဥရောပ အေဂျင်စီတွေက သောကြာနေ၊့ ကိုးရီးုယား ဒေသစံတော်ချိန် မနက် ၉နာရီခွဲမှာ ငလျှင်လှုပ်သွားတာကို သိရှိလိုက်တာပါ။ ပေါက်ကွဲမှုကြောင့် ငလျှင်လှုပ်သွားတာဖြစ်နိုင်တယ်ဆိုပြီး တရုတ် ငလျှင်ကွန်ယက်ဌာနကပြောပါတယ်။
ခုအခါ နျူကလီးယားထိပ်ဖူး အသေးစားတွေကို ဒုံးကျည်အမျိုးအစားပေါင်းစုံမှာ အသုံးပြုနိုင်ပြီဖြစ်တဲ့ နျူူကလီးယား လက်နက် တွေကို မြောက်ကိုးရီးယားက အောင်အောင်မြင်မြင် စမ်းသပ်ခဲ့တာဖြစ်တယ်လို့ နျူကလီးယား လက်နက်ထိပ်ဖူးသုတေသန ဌာနရဲ့ ကြေငြာချက်ကို မြောက်ကိုးရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားဌာန KCNA ကဖတ်ကြားသွားပါတယ်။ မြောက်ကိုးရီးယားရဲ့ မဟာဗျူဟာကျ နျူကလီးယားစမ်းသပ်မှုတွေအပေါ် ဆန့်ကျင်နေတဲ့ အမေရိကန်နဲ့ ရန်ဘက်နိုင်ငံတွေကနေ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို တုန့်ပြန်တဲ့ လုပ်ရပ်တစိတ်တပိုင်းအဖြစ် ခုလို နျူကလီးယား ထိပ်ဖူး စမ်းသပ်ဖောက်ခွဲတာဖြစ်တယ်လို့ KCNA သတင်းကြေငြာသူက ဖတ်ကြားသွားပါတယ်။
နျူကလီးယား စမ်းသပ်မှုလုပ်မယ်ဆိုတဲ့ သူ့အစီအစဉ်တွေကို မြောက်ကိုးရီးယားက နိုင်ငံတကာအသိုင်းအဝိုင်းကို ကြိုတင်အကြောင်းမကြားခဲ့ပါဘူး။
စက်တင်ဘာဘ ၉ ရက်နေ့ဟာ မြောက်ကိုးရီးယားနိုင်ငံတည်ထောင်တဲ့ ၆၈ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သလို အရေးကြီးတဲ့ အားလပ်ရက်အဖြစ် နျူကလီးယားလက်နက်တွေစမ်းသပ်လေ့ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပြဌာန်းချက်ကို ချိုးဖောက်တဲ့ ငါးကြီမ်မြောက် ဒီနျူကလိးယား စမ်းသပ်မှုကို တောင်ကိုးရီး သမ္မတ ပတ်ဂွန်ဟေးက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချလိုက်ပါတယ်။ ဂျပန် အစိုးရအဖွဲ့အတွင်းဝန်ချုပ် Yoshihide Suga ကလည်း မြောက်ကိုးရီးယားကို ဥပဒေမဲ့တဲ့ အိမ်နီးချင်းနိုင်ငံတခုအဖြစ်ပြောဆိုသလို ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးမြှင့်ဖို့ စဉ်းစားမယ်လို့ပြောပါတယ်။