သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား အစီအစဉ် အောင်မြင်မှု မြောက်ကိုရီးယား ကြေညာ


နျူကလီးယား အစီအစဉ် အောင်မြင်မှု မြောက်ကိုရီးယား ကြေညာ
နျူကလီးယား အစီအစဉ် အောင်မြင်မှု မြောက်ကိုရီးယား ကြေညာ

တောင်ကိုးရီးယား ကျွန်းတခုကို လက်နက်ကြီးတွေနဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတခု ပြုလုပ်အပြီး တပတ်အကြာမှာ သူ့နိုင်ငံရဲ့ နျူကလီးယားဆိုင်ရာ ဆောင်ရွက်မှုဟာ အဓိက တိုးတက် အောင်မြင်မှုတခု ရခဲ့ပြီလို့ မြောက်ကိုရီးယားနိုင်ငံက ကြေညာလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ငြိမ်းချမ်းတဲ့ စွမ်းအင် အသုံးပြုမှုအတွက်လို့ ဆိုတဲ့ တည်ဆောက်နေဆဲ Light water ခေါ် ရေပေါ့အသုံးပြု ဓာတ်ပေါင်းဖိုတခုနဲ့ centrifuge ခေါ် ဗဟိုခွာစက် ထောင်ပေါင်းများစွာ ပါတဲ့ ယူရေနီယမ် သန့်စင်စက်ရုံ တခုတို့ကို လည်ပတ် လုပ်ဆောင်နေပါတယ်လို့ အင်္ဂါနေ့က နိုင်ငံပိုင် သတင်းမီဒီယာကနေ အတည်ပြု ပြောဆိုခဲ့ပါတယ်။

ဒီလ အစောပိုင်းက အလည်အပတ် ရောက်ရှိလာတဲ့ အမေရိကန် သိပ္ပံပညာရှင် တယောက်ကို ဒီစက်ရုံလုပ်ငန်းနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံက ပထမဆုံး ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူရေနီယမ် သန့်စင်စက်ရုံဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ လူသိများတဲ့ ပလူတိုနီယမ် အဓိကထား အသုံးပြုတဲ့ လက်နက်အစီအစဉ်အပြင် နောက်ထပ် နျူကလီးယားလက်နက် တည်ဆောက်ဖို့ ရည်ရွယ်တဲ့ စီမံကိန်း ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်သစ်နဲ့ ပတ်သက်လို့ အခုလို ပြောဆိုချက်ကို ကျန်တဲ့နိုင်ငံတွေ အနေနဲ့ သီးခြား လွတ်လပ်စွာ စစ်ဆေးအတည်ပြုဖို့ရာ မဖြစ်နိုင်သေးပါဘူး။

မြောက်ကိုရီးယားရဲ့ နျူကလီးယားဆိုင်ရာ ထုတ်ဖော်ပြောဆိုချက်နဲ့ တောင်ကိုရီးယား ယောင်ဗြောင်း (Yeonpyeong) ကျွန်းကို တိုက်ခိုက်မှုတွေဟာ သူ့နိုင်ငံ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ရုန်းကန် ကြိုးစားနေရတဲ့ အခြေအနေကို အကူအညီ ရရှိအောင် အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေဘက်က တွေ့ဆုံဆွေးနွေးပွဲတွေ ပြန်လုပ်လာအောင် ဖိအားပေးဖို့ ကြိုးစား လုပ်ဆောင်နေတဲ့ ပုံစံရှိတယ်လို့ တချို့ သုတေသီတွေက သုံးသပ်ကြပါတယ်။

အမေရိကန် သမ္မတရဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရောဘတ်ဂစ်ဘ်စ် (Robert Gibbs) ကတော့ သူ့အဆိုအရ မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ အပြုအမူကို ရပ်တန်းကရပ်ဖို့ တရုတ်နိုင်ငံ အနေနဲ့ တွန်းအားပေးစေလိုတယ်လို့ တောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ ဒီလို အဓိပ္ပာယ် သက်ရောက်တဲ့ သတင်းစကားမျိုး မြောက်ကိုရီးယားနိုင်ငံကို ပါးဖို့ တာဝန်ရှိပါတယ်လို့လည်း ရောဘတ် ဂစ်ဘ်စ်က အင်္ဂါနေ့က ပြောဆိုခဲ့တာပါ။ အမေရိကန် အနေနဲ့ တောင်ကိုရီးယားရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ အလေးအနက် တာဝန်ရှိတယ်လို့လည်း ရောဘတ် ဂစ်ဘ်စ်က ထပ်မံ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG