သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား ဆွေးနွေးပွဲ ပြန်စဖို့ မြောက်ကိုရီးယား အသင့်

နျူကလီးယား ဆွေးနွေးပွဲ ပြန်စဖို့ မြောက်ကိုရီးယား အသင့်
နျူကလီးယား ဆွေးနွေးပွဲ ပြန်စဖို့ မြောက်ကိုရီးယား အသင့်

နျူကလီးယားလက်နက် အစီအစဉ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်စမယ်ဆိုရင် လုပ်ငန်းတွေကို ယာယီ ရပ်ဆိုင်းထားဖို့ အဆင်သင့် ရှိနေတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် (Kim Jong Il) က ပြောဆိုတဲ့အကြောင်း ရုရှားနိုင်ငံက ပြောလိုက်ပါတယ်။

ဆိုက်ဘေးရီးယား ဒေသက စစ်စခန်းတခုမှာ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ရုရှားသမ္မတ ဒီမီထရီ မက်ဒ်ဗီဒက်ဗ် (Dmitry Medvedev) တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံရာမှာ အခုလို ကမ်းလှမ်းလိုက်တာလို့ ရုရှားသမ္မတရဲ့ ပြောခွင့်ရသူ နာတာလီယာ တီမာကိုဗာ (Natalya Timakova) က ပြောခဲ့တာပါ။

နျူကလီးယားလက်နက် ဖျက်သိမ်းရေး ၆ နိုင်ငံ ဆွေးနွေးပွဲကို ကြိုတင်ကန့်သတ်ချက်တွေ မထားဘဲ ပြန်လည် စတင်လိုကြောင်း ကမ်းလှမ်းခဲ့တယ်လို့လည်း ရုရှားသမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ ကမ်းလှမ်းချက်ဟာ ကြိုဆိုရမယ့် ခြေလှမ်းတရပ် ဖြစ်ပေမဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲတွေ ပြန်စရလောက်အောင်တော့ လုံလောက်မှု မရှိသေးဘူးလို့ ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားမှာ ယူရေနီယံ သန့်စင်တဲ့ စက်ရုံတွေ ရှိနေတယ် ဆိုတာကို ပြီးခဲ့တဲ့နှစ်မှာတုန်းက ထုတ်ဖော် ပြောဆိုခဲ့တာဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်နေတာမို့ ဒါဟာ အလေးအနက် ထားရမယ့် ကိစ္စတခုအဖြစ် ရှိနေဆဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူလန် (Victoria Nuland) က ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေကတော့ ဆွေးနွေးပွဲတွေ ပြန်မစမီမှာ မြောက်ကိုရီးယားရဲ့ အဏုမြူ လုပ်ငန်းတွေ ရပ်ဆိုင်းထားရမယ်လို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG