သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအရေး ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်စဖို့ အာဆီယံ တွန်းအားပေး


ဗီယက်နမ်နိုင်ငံမှာ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် နိုင်ငံတကာ လုံခြုံရေး ညီလာခံကနေ ဒေသတွင်း မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက် အစီအစဉ်ဆိုင်ရာ ၆ နိုင်ငံ ဆွေးနွေးပွဲတွေ ပြန်ပြီး စနိုင်ရေးအတွက် ဖိအားပေးနိုင်ဖို့ အာဆီယံနိုင်ငံ ကိုယ်စားလှယ်တွေက ကြိုးစားကြဖို့ ရှိပါတယ်။

ဟနွိုင်းမှာ ကျင်းပမယ့် ARF အာဆီယံဒေသ လုံခြုံရေး ညီလာခံမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်အွီချွန်း (Pak Ui-Chun) တက်ရောက်လာမှာမို့ ဒါကို အခွင့်ကောင်းယူပြီး တိုက်တွန်းနိုင်ကြမယ်လို့ မျှော်လင့်ကြောင်း အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

မစ္စတာ ပတ်အွီချွန်းဟာ ၁၀ နှစ်အတွင်း ARF ညီလာခံကို တက်ရောက်လာတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး အရာရှိကြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက် ဆိုင်ရာ ၆ နိုင်ငံ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ နိုင်ငံအားလုံးက သောကြာနေ့ ကျင်းပမယ့် ARF ညီလာခံကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။

မတ်လထဲ တောင်ကိုရီးယား စစ်သင်္ဘော ချိုနန် နစ်မြုပ်ခဲ့ချိန်ကစပြီး အခုအချိန်ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့နဲ့ ပထမဆုံး တိုက်ရိုက်တွေ့ဆုံမှု ဖြစ်လာမှာပါ။ ဒါ့အပြင် ၆ နိုင်ငံ ဆွေးနွေးပွဲမှာ ပါဝင်ကြတဲ့ တရုတ်၊ ရုရှားနဲ့ ဂျပန်နိုင်ငံတွေနဲ့လည်း တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ဒီ ၆ နိုင်ငံ ဆွေးနွေးပွဲ ပြန်ပြီးမစခင် ချိုနန်သင်္ဘော နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံက တောင်းပန်ရမယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံကတော့ ဒီသင်္ဘောကို သူတို့ နှစ်မြှုပ်ပစ်တာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

XS
SM
MD
LG