သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယားအရေး အမေရိကန်နှင့် ဂျပန် ခေါင်းအေးအေး တုံ့ပြန်မည်


မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတီဖင် ဘော့စ်ဝါ့သ်(ယာ) နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဆေးဂျိ မေဟာရတို့ မြောက်ကိုရီးယား နျူကလီးယားအရေး ဆွေးနွေးရန် တွေ့ဆုံစဉ်။ နိုဝင်ဘာ ၂၂၊ ၂၀၁၀။

ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့ အနေနဲ့ မြောက်ကိုရီးယား အစိုးရရဲ့ ယူရေနီယံ သန့်စင်ရေးစက်ရုံ ပိတ်သိမ်းရေး ကိစ္စအတွက် စိတ်အေးအေးထားပြီး တည်တည်ငြိမ်ငြိမ် တုံ့ပြန်ကြဖို့ သဘောတူညီလိုက်ကြပြီလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဆေးဂျိ မေဟာရ (Seiji Maehara) နဲ့ မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတီဖင် ဘော့စ်ဝါ့သ် (Stephen Bosworth) တို့က ပြောဆိုလိုက်ပါတယ်။

တနင်္လာနေ့က မစ္စတာ ဘော့စ်ဝါ့သ်ဟာ တခြားသံတမန် ၇ ယောက်နဲ့ ထောက်လှမ်းရေး အရာရှိတွေနဲ့အတူ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီးနဲ့ပါ တွေ့ဆုံခဲ့ကြတယ်လို့ ဆိုပါတယ်။

Centrifuge ခေါ် ဗဟိုခွာစက် ရာပေါင်းများစွာပါတဲ့ ယူရေနီယံ သန့်စင်ရေး စက်ရုံကြီးတခုကို တွေ့မြင်ခဲ့ရတဲ့ အမေရိကန်လူမျိုး နျူကလီးယား ကျွမ်းကျင်သူ တဦးရဲ့ အစီရင်ခံစာ အပြီးမှာ ဂျပန်နဲ့ အမေရိကန် ကိုယ်စားလှယ်တွေ မြောက်ကိုရီးယားကို ရောက်လာခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်အနေနဲ့ မြောက်ကိုရီးယားရဲ့ ရှေ့တိုး ဆောင်ရွက်မှုကို အလေးအနက် စောင့်ကြည့်နေပေမဲ့ အခြေအနေက စိုးရိမ်လောက်စရာ မရှိသေးဘူးလို့လည်း အမေရိကန် အထူးကိုယ်စားလှယ်က ပြောပါတယ်။

ဒါဟာ မြောက်ကိုရီးယားရဲ့ ယူရေနီယံ သန့်စင်ရေးစက်ရုံ အကြောင်းကို နိုင်ငံခြားက ကျွမ်းကျင်သူတဦးက ပထမဆုံးအကြိမ် အတည်ပြု ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအပြီးမှာ ဘော့စ်ဝါ့သ်နဲ့ အဖွဲ့ဟာ ဂျပန်နိုင်ငံကို လေကြောင်းခရီးနဲ့ ထွက်ခွာသွားခဲ့ကြပြီး တရုတ်နိုင်ငံကို ဆက်လက် သွားရောက်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG