သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအန္တရာယ်စက်ကွင်းက မြန်မာတို့စိုးရိမ်မှု


မြောက်ကိုရီးယားmissile စမ်းသပ်မှုတခု
မြောက်ကိုရီးယားmissile စမ်းသပ်မှုတခု

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ခြိမ်းခြောက်မှုအန္တရာယ်ကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့ Guam ကျွန်းအပါအဝင် ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ မြန်မာတွေလည်း ရှိနေတာကြောင့် အဲဒီမှာ အခြေအနေတွေကို ဘယ်လောက်ထိစိုးရိမ်နေကြသလဲ၊ စစ်ရေးအရ ကာကွယ်ပြင်ဆင်မှုတွေ ဘယ်လောက်ထိရှိနေပါသလဲ။ စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ကို ပြောပြမှာပါ။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ခြိမ်းခြောက်မှုအန္တရာယ်ကို အကြိမ်များစွာရင်ဆိုင်ခဲ့ရတဲ့ Guam ကျွန်းအနေနဲ့ ဒီတကြိမ် ခြိမ်းခြောက်ခံရမှုအပေါ်မှာ စိုးရိမ်မကင်းဖြစ်မိကြောင်း Guam ကျွန်းမှာ နှစ်ပေါင်းများစွာနေထိုင်နေတဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသား ဒေါ်တင့်တင့်ဆန်းက ဗွီအိုအေကို ပြောပါတယ်။

“အရင်တုန်းကထက်စာရင် အခုနည်းနည်းတော့ ပိုပြီးတော့ အခြေအနေကို စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကပြောတာက သူ့မှာက သိပ်ပြီးမရှိသေးသလိုပဲ အခုကျတော့ Test တွေနဲ့ လုပ်တာတွေလည်းရှိနေတယ်ဆိုတော့ အရင်အခြေအနေနဲ့ အခုအခြေအနေနဲ့ဆိုတော့ ကျမကတော့ နည်းနည်းတော့ ပိုစိုးရိမ်တယ်။

အမေရိကန် သမ္မတ Donald Trump က မီးကုန်ယမ်းကုန် ပြန်ချမယ်လို့ ပြောဆိုခဲ့တဲ့အပေါ် ပြန်ပြီးတုန့်ပြန်တဲ့အနေနဲ့ အမေရိကန်ပိုင်နက် ပစိဖိတ်သမုဒ္ဒရာမှာရှိနေတဲ့ Guam ကျွန်းထိ တာလတ်ပစ် Hwason-12 ဒုံးကျည်ပစ်လွှတ်မယ့် အစီအစဉ်ကို မြောက်ကိုရီးယား စစ်ခေါင်းဆောင်ပိုင်းက ဒီသြဂုတ် လ လယ်ပိုင်းမှာ အပြီးသတ်ရေးဆွဲမှာဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းမီဒီယာက မနေ့ ကြာသာပတေးနေ့က ကြေညာခဲ့တာပါ။ အခုလို မြောက်ကိုရီးယားရဲ့ နောက်ဆုံး ခြိမ်းခြောက်မှုကို Guam ကျွန်းဒေသခံတွေက ပိုမိုသတိရှိနေကြပေမယ့်လည်း တည်တည်ငြိမ်ငြိမ်ပဲရှိနေကြတယ်လို့ ဒေါ်တင့်တင့်ဆန်းက ပြောပါတယ်။

“ဒီမှာကတော့ လူတွေကသိပ်ပြီးတော့ ချောက်ချောက်ချားချားနဲ့ အဲလိုသိပ်ပြီးတော့ စိုးရိမ်တယ်ဘာတို့တော့မရှိဘူး။ သာမန်အားဖြင့်လောက်ပဲသွားလာနေထိုင်ကြတယ်။ ကျောင်းတွေဘာတွေ ရုံးတွေလည်း ပုံမှန်ပါပဲ။”

အမေရိကန်စစ်စခန်းအခြေစိုက်တဲ့ Guam ကျွန်းမှာ အရပ်သား ဦးရေ ၁၆၀, ၀၀၀ လောက်နေထိုင်နေကြတာပါ။ Guam မြို့တော်ဝန်နဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကတော့ အမေရိကန်စစ်တပ်ရဲ့ ဒုံးကျည်ကာကွယ်ရေးနဲ့ ပတ်သက်လို့ အပြည့်အဝယုံကြည်ထားကြောင်း ဒေသခံတွေကို အသိပေးကြေညာထားတယ်လို့ ဒေါ်တင့်တင့်ဆန်းကဆိုပါတယ်။

“နည်းနည်းထူးခြားတာက သူတို့ တပ်ထဲတွေဘာတွေသွားမယ်ဆိုရင် ခါတိုင်းလို့မဟုတ်ဘူး အခုက အကုန် ဝတ်စုံအပြည့်နဲ့ ပေါ့ Ready ပုံစံမျိုးနဲ့ အလုပ်လုပ်ရတာပေါ့နော်။ ဟိုဘက်က တကယ်လို့ ပစ်လာရင်တောင် ကိုယ့်ဘက်က ကာကွယ်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပစ်ချနိုင် တယ်ပေါ့။”

အခုနောက်ဆုံး မြောက်ကိုရီးယားက ခြိမ်းခြောက်ထားတဲ့ ပဲ့ထိန်း ဒုံးကျည်ပစ်လွှတ်မယ့် အစီအစဉ်မှာဂျပန်နိုင်ငံကို ဖြတ်ပြီးသွားမယ့် လမ်းကြောင်း ပါဝင်နေတာပါ။ ဒါပေမဲ့လည်း ဂျပန်စစ်တပ်ရဲ့ ဒုံးကျည်ကာကွယ်ရေးအစီအစဉ် အပေါ် ဂျပန် ပြည်သူတွေက အပြည့်အဝယုံကြည်မှုရှိနေကြောင်း ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ ဦးသန်းဆွေက ပြောပါတယ်။

“ဂျပန်လူမျိုးတွေက သူတို့အစိုးရကို သူတို့ယုံတဲ့အခါကျတော့ ကျနော်တို့ မြန်မာတွေကြားထဲမှာပေါ့နော် ခုနလိုပေါ့ တခြားနေရာမှာသာဖြစ်နေပေမယ့် ဂျပန်ကတော့ လူတော်တော်များများက အေးအေးဆေးဆေးပဲ ၊ အစိုးရကနေပြီးတော့ သူတို့ကို ကာကွယ်ပေးလိမ့်မယ်၊ အစိုးရက သူတို့ကို လုံလောက်အောင်ပေါ့လေ လိုအပ်တဲ့အစီအစဉ်လုပ်ထားတယ်လို့ အများစုက ယုံတဲ့အခါကျတော့ ဂျပန်နိုင်ငံမှာ အပြောင်းအလဲကတော့ ကြီးကြီးမားမားမရှိဘူးပေါ့။ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေကြားထဲမှာ စိုးရိမ်တဲ့လူကတော့ စိုးရိမ်တယ်ဆိုသော်လည်း အများစုကတော့ ပုံမှန်လောက်ပါပဲ။"

အခုလို မြောက်ကိုရီးယားရဲ့ စစ်ရေးအရခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ တောင်ကိုရီးယားအစိုးရဘက်က တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို လိုလားနေပေမယ့် စစ်ရေးအရ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လည်း တောင်ကိုရီးယားဘက်က အသင့်ပြင်ဆင်နေတာ တွေရကြောင်း တောင်ကိုရီးယားနိုင်ငံမှာနှစ်ပေါင်းများစွာနေထိုင်နေတဲ့ ကိုရန်နိုင်ထွန်းကပြောပါတယ်။

“လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ တောင်ကိုရီးယားနိုင်ငံအနေနဲ့ကတော့ မြောက်ကိုရီးယားနဲ့ အဓိကအားဖြင့် တွေ့ဆုံဆွေးနွေးခွင့်ရရင်တော့ တွေ့ဆုံဆွေးနွေးလိုတယ် သို့မဟုတ်ဒီလိုပဲ ဆက်လက်ပြီးတော့ ရန်စမှုတွေ ခြိမ်းခြောက်မှုတွေနဲ့ နျူကလီးယားစမ်းသပ်မှုတွေကို ဆက်လက်ပြီးတော့ လုပ်မယ်ဆိုရင် အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းပြီးတော့ မလွဲမရှောင်သာလုပ်ရမယ်လို့ သူတို့အနေနဲ့ ဆိုထားပါတယ်။”

ဒါပေမဲ့လည်း အမေရိကန်က မြောက်ကိုရီးယားအပေါ် စစ်ရေးအရ တုံ့ပြန်ဖြေရှင်းမယ့်နည်းလမ်းကို တောင်ကိုရီးယားပြည်သူအများစုက မလိုလားကြဘူးလို့ ကိုရန်နိုင်ထွန်းက ဆိုပါတယ်။

“ဘာကြောင့်လဲဆိုတော့ သူတို့အချင်းချင်းက အမျိုးအနွယ်တူတဲ့လူတွေဖြစ်တယ်၊ ညီအကိုမောင်နှမအချင်းချင်း တိုက်ပွဲတွေဒီလိုမလုပ်ချင်ဘူး ဖြစ်နိုင်မယ်ဆိုရင်တော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်နဲ့ အေးအေးချမ်းချမ်းဖြစ်သွားတာကိုပဲ သူတို့လိုလားကြတယ်ပေါ့နော်။ အဲလိုဖြစ်ဖို့အတွက်လည်း လက်ရှိသမ္မတဖြစ်တဲ့ Moon jae inကနေပြီးတော့ အကောင်းဆုံးကြိုးစားဆောင်ရွက်နေပါတယ်။”

အခုလို မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား စစ်ရေးအရ အပြန်အလှန်ခြိမ်းခြောက်ပြောဆိုနေတာ၊ ကိုရီးယားကျွန်းဆွယ်မှာ အခြေအနေတွေ တင်းမာနေတာတွေကြောင့် တောင်ကိုရီးယား ဝမ်ငွေ တန်ဖိုးဟာ မနေ့ကစပြီး ကျဆင်းလာနေကြောင်း ကိုရန်နိုင်ထွန်းကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG