သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးလေ့ကျင့်မှုနဲ့ နျူ ကလီယား စမ်းသပ်မှု ဖလှယ်ဖို့ မြောက် ကိုရီးယား ကမ်းလှမ်း


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း

အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းဖို့ သဘောတူမယ်ဆိုရင် သူ့ရဲ့ နျူကလီယားစမ်းသပ်မှု အစီအစဉ်ကို ယာယီရပ်ဆိုင်းထားမယ်လို့မြောက်ကိုရီးယားအစိုးရက စနေနေ့က ပြောပါတယ်။ ဒီလိုစစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုလိုအဆိုပြုချက်ကို သောကြာနေ့ ဇန္နဝါရီလ ၉ ရက်နေ့မှာ အမေရိကန်ဘက်ကို ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ပြောပါတယ်။ အခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ရပ်ဆိုင်းဖို့ မြောက်ကိုရီးယားဖက်က စဉ်ဆက်မပြတ်တောင်းဆိုနေတာပါ။ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း မြောက်ကိုရီးယားမှာ နျူကလီယားစမ်းသပ်မှု တတိယအကြိမ်မြောက် နောက်ဆုံး ပြုလုပ်ခဲ့တာဖြစ်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း ဒီနျူကလီယားအစီအစဉ်နဲ့ ပတ်သတ်ပြီး ထပ်မလုပ်ဖို့ သတိပေးထားတာပါ။

ဝါရှင်တန်အနေနဲ့ တင်းမာမှုတွေလျော့ကျအောင် ဆောင်ရွက်ဖို့ တောင်းဆိုတဲ့တချိန်တည်းမှာ မြောက်ကိုရီးယားက သူတို့ရဲ့ နျူးကလီယားနဲ့ မစ်ဇိုင်း ဒုံးလက်နက်အစီအစဉ်တွေကို ဖျက်သိမ်းမယ်ဆိုပြီး မကြာခဏ ကတိပေးလေ့ရှိပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း လက်နက်စမ်းသပ်မှု ဖျက်သိမ်းဖို့ သဘောတူညီချက် တခုရရှိခဲ့ဖူးပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားဘက်ကတော့ လေယာဉ်တင်သဘောၤတွေပါဝင်တဲ့ အခုလို နှစ်စဉ် စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားဘက်က တိုက်ခိုက်လာရင် တန်ပြန် ခုခံဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၁၃ ခုနှစ် မတ်လအတွင်း အခုလိုစစ်ရေးလေ့ကျင့်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေ မြင့်မားလာခဲ့ပြီး မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်မှုတွေ ပြုလုပ်ကာ သူ့တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ အနေအထားအထိ အသင့်ပြင့်ထားခိုင်းခဲ့ဖူးပါတယ်။

XS
SM
MD
LG